အခုတလော စာရေးမယ်လို့ စဉ်းစားလိုက်တိုင်း အကျိုးမရှိတဲ့ အရာတွေပါပဲလေ လို့ စဉ်းစားမိပြီး မရေးဖြစ်တော့ဘူး။ အရင်တုန်းကလို စိတ်ထဲရှိတာကို မပေါက်ကွဲတတ်တော့ဘူး။ ပြဿနာ ကြုံတိုင်း စိတ်ပျက်နေမယ့် အစား ပေါက်ကွဲထွက်မယ့် အစား ဘယ်လို ဖြေရှင်းရမလဲဆိုတာကို စဉ်းစားတတ်လာတယ်။ အလုပ်ကို ပိုလုပ်တတ်လာတယ်။ Project Manager နဲ့လည်း အဆင်ပြေလာ သလို project တွေလည်း အချိန်ကိုက် ပြီးလာတယ်။
ရင်ထဲမှာ ရေးချင်တာတွေ ရှိတယ်။ သို့ပေမယ့် ရေးချလိုက်ရင် ဘာ အကျိုးထူးမှာလဲလို့ စဉ်းစားမိပြန်တယ်။ ကိုယ့်အတွက်လည်း အကျိုးမထူး ဖတ်တဲ့သူအတွက်လည်း ဘာမှ ရေရေရာရာ မဟုတ်ဘူးလို့ ထင်တာနဲ့ တစ်ညလောက် အိပ်ပြီး မနက်ရောက်မှ ရေးချင်ရင် ရေးတော့မယ်ဆိုပြီး နေခဲ့တဲ့ ရက်တွေက တစ်ရက်ပြီး တစ်ရက် ကုန်ကုန်တယ်။ မနက်မိုးလင်းလာတဲ့ အခါ ညက စဉ်းစားထားတာတွေထဲက အမှားတွေကို ပြန်တွေ့လာတယ်။ စိတ်ဆိုး ဒေါသထွက်တဲ့ ခဏမှာ အမှားတွေက ဆက်တိုက် ဆက်တိုက် ဖြစ်အောင် တွန်းအားပေးနေသလိုပဲ။ စိတ်ဆိုးတာပဲ ဖြစ်ဖြစ် ဒေါသထွက်တာပဲ ဖြစ်ဖြစ် ထင်သလောက် အလုပ်မဖြစ်ဘူး။
အခုအချိန်မှာ အရင်က post တွေ ပြန်ဖတ်မိတိုင်း ပြုံးမိတယ်။ နောင်တချိန် ဒီ post တွေ ပြန်ဖတ်မိတိုင်း ပြုံးလေမိမလားပဲ။ ၁ နှစ်ထက် ၁ နှစ် လူက ပြောင်းလဲလာတာကို post တိုင်းက သက်သေထူနေတယ်။ အခုတလော ရုံးမှာကော တခြားကိစ္စတွေကော stress က တော်တော်များတာကြောင့် blog post တွေလည်း မရေးဖြစ်တာလည်း ပါတယ်။ ရေးချင်တာက မှန်သလား မှားသလား ဆိုတာကို ကောင်းကောင်း ဆုံးဖြတ်မှု မပေးနိုင်တဲ့ အချိန်မှာ တစ်ဖက်စောင်း အမြင်ကြီးကို မချပြချင်တော့ဘူး။ အခုနောက်ပိုင်း ရုံးမှာက code တွေပဲ ရေးရတာ မဟုတ်ပဲ management ပိုင်းတွေပါ ခွဲကိုင်လာရတော့ အချို့ ကိစ္စတွေ တော်တော်နားလည်လာတယ်။ အရင်တုန်းက အလုပ်မလုပ်တတ်တာကို မြင်လာရတယ်။ ဒါကြောင့်လည်း မျှပြီး တွေးခေါ်တတ်လာတယ်။ ကိုယ်ဖြစ်ချင်တာကို ဘာကြောင့် သူ့အတွက် မဖြစ်နိုင်တာလဲဆိုတာကိုလည်း အများကြီး မသိပေမယ့် သိလာအောင် နားလည်ပေးနိုင်အောင် ကြိုးစားတတ်လာတယ်။
နောက်ပြီး ကံ ဆိုတာက အလုပ်ဆိုတာထက် အကြောင်းတရားတွေ ပေါင်းဆုံပြီး ဖြစ်လာတဲ့ အကျိုးတရားတစ်ခု ဆိုပြီး ပြောင်းလဲ လက်ခံလာတယ်။ အယူအဆ အချို့ ပြောင်းလဲသွားတယ်။ နံရံ ကို လက်သီး ပြင်းပြင်ထိုးရင် လက်နာမယ်။ လက်သီး ပြင်းပြင်း မထိုးရင် မနာဘူး။ ဒါမှမဟုတ် နံရံ မဟုတ်ပဲ လေထဲကို ထိုးရင် လက်မနာပဲ လက်ညောင်းလိမ့်မယ်။ လက်နာတာကို နံရံကို အပြစ်တင်လို့ မရဘူး။ ပြင်းပြင်းမထိုးရင် နာချင်မှ နာမှာ။ တနည်းပြောရင် အကြောင်းတရားတွေ ပေါင်းစုပြီး ဖြစ်လာတဲ့ အကျိုးဆက်ပဲ။ နံရံ ရယ် လက်သီးရယ် ပြင်းပြင်းထိုးလိုက်တာရယ် စတဲ့ အကြောင်းတရာတွေကြောင့် လက်နာရတာပဲ။ အကြောင်းတရား အချက်ထဲက တစ်ခုခုပြောင်းလဲလိုက်ရင် အကျိုး လည်း ပြောင်းလဲ သွားနိုင်တာပဲ။ နံရံ မဟုတ်ပဲနဲ့ ခေါင်းအုံးကို ထိုးတာဖြစ်ဖြစ်။ နံရံကို တူနဲ့ ထုတာဖြစ်ဖြစ်။ ဒါမှ မဟုတ် လက်သီးနဲ့ ပျော့ပျော့ ထိုးတာဖြစ်ဖြစ်ပေါ့။
ဒီလိုပဲ တစ်ခါတစ်လေ သူ ဒါကို ဒီအတွင်း ရေးတာကို မပြီးရသလား အပြစ်တင်တာထက် ဘာကြောင့် မပြီးတာလဲ။ သူ ဘယ်နေရာလွဲနေလို့ မပြီးတာလဲ။ သူလွှဲနေတာကို တည့်ပေးပြီး နောင်တချိန်မှာ မြန်မြန်လုပ်နိုင်လာအောင် ထောက်ပြတာက ပိုအကျိုးရှိလာတယ်။ သူ တချိန်ကလို အလုပ်လုပ်ပုံ ကိုယ့်လို နားမလည်လို့လားဆိုရင် အလုပ်လုပ်ပုံကို ပြန်ရှင်းပြပေးလို့ရတယ်။ အခုတလောမှာ Project Manager ပြောတဲ့ စကားတစ်ခုကို သတိရတယ်။
မင်း ကြိုးစားကြည့်မယ့် ကြိုးစားကြည့်မယ် ပဲ ပြောမနေနဲ့။ မင်းကိုလည်း ဒီလအတွက် ငါလခပေးဖို့ ကြိုးစားကြည့်မယ်လို့ ပြောရင် ရမလား။
ကိုယ့်ကို ပြောတာမဟုတ်ပေမယ့် တော်တော်လေးကို ပွင့်ထွက်သွားတဲ့ စကားလုံးပဲ။ ဒီနေ့ ပြရမယ်ဆိုတဲ့ အချိန်မှ ဒီနေ့ မဖြစ်နိုင်ဘူးဆိုတာကို လာပြောရင် ဘယ်လိုမှ ပြန်ပြင်ဆင်ချိန် မရဘူး။ ၁ ရက် သို့မဟုတ် ၂ ရက်လောက်ကြိုပြောရင် ပြင်ဆင်ဖို့က ဖြစ်နိုင်သေးတယ်။ Deadline အတွင်းမပြီးလို့ အပြစ်တင်ခံရမှာ ကြောက်တာထက် deadline နေ့မှ မပြီးလို့ လူတွေ အားလုံး ခေါင်းစား ရအောင် မလုပ်သင့်ဘူး။
ဒီ post ကလည်း ရေးမယ် ရေးမယ်နဲ့ စဉ်းစားနေတာ ၁ ပတ်တောင် ရှိသွားပါပေါ့လား။ အခုတော့ လုပ်စရာလေးတွေ ဖတ်စရာလေးတွေ များနေလို့ ပြန်ဖတ်လိုက်အုံးမယ်။ Node.js ကိုတော့ အခုတလော တော်တော် သဘောကျနေတယ်။ ရုံးမှာသုံးနေတဲ့ API တွေကို node.js နဲ့ပဲ ရေးဖြစ်နေတယ်။ ရေးရတာ အရမ်းလွယ်သလို supporting လည်း အရမ်းမိုက်တယ်။
Leave a Reply