Artificial Intelligence ဆိုတာ ရှိတယ်။ ဒါပေမယ့် လူ့ဘဝအတွေ့အကြုံ၊ တာဝန်ယူမှု၊ ကိုယ်တိုင်ခံစားမှု ပါတဲ့ Artificial Wisdom ဆိုတာတော့ လက်တွေ့အနေနဲ့ မရှိသေးဘူးလို့ ထင်တယ်။
Artificial Wisdom ဆိုတဲ့ အယူအဆ မရှိတာတော့ မဟုတ်ဘူး။ Research paper တွေ၊ philosophy discussion တွေထဲမှာတော့ Artificial Wisdom ဆိုပြီး ဆွေးနွေးနေကြတာတွေ ရှိတယ်။ ဒါပေမယ့် အခုလက်ရှိ AI တွေမှာ လူလို ပညာရှိတယ်လို့ ပြောလို့ရတဲ့ အဆင့်တော့ မရောက်သေးဘူး။
ဒီလိုပဲ IQ Test ဆိုတာ ရှိတယ်။ WQ Test ဆိုပြီး IQ လို လူသိများပြီး universal ဖြစ်တဲ့ Wisdom Quotient Test မျိုးတော့ မတွေ့မိသေးဘူး။ Wisdom ကို တိုင်းတာဖို့ psychology research ထဲမှာ scale တွေတော့ ရှိတယ်။ ဒါပေမယ့် IQ Test လို လူတိုင်းသိတဲ့ standard test မျိုးတော့ မဟုတ်သေးဘူး။
ပုံမှန်အားဖြင့် လောကမှာ အပြောများတာကတော့
Knowledge — ဗဟုသုတ
Intelligence — ဉာဏ်ရည်
Wisdom — ပညာ
Knowledge က ဘာနဲ့တူလဲဆိုတော့ hard disk လိုပဲ။ အချက်အလက်တွေ သိမ်းထားတာ။ လိုတဲ့အချိန် ပြန်ထုတ်ပေးတာ။ Wikipedia တစ်ခုလုံးက knowledge base ပဲ။
Intelligence ကတော့ knowledge ကို ပြန်အသုံးချနိုင်တာ။ ကျောင်းမှာ သင်ခဲ့တဲ့ သင်္ချာကို အပြင်မှာ ဈေးဝယ်တဲ့အခါ အသုံးချတာမျိုးပေါ့။ ကိုယ်သိထားတဲ့ အချက်အလက်တွေကို ပြန်အသုံးချနိုင်တာက ဉာဏ်ရည်ပဲ။
ဒါပေမယ့် Intelligence က knowledge တစ်ခုတည်းတော့ မဟုတ်ဘူး။ Reasoning လုပ်နိုင်တာ၊ pattern မြင်နိုင်တာ၊ problem solving လုပ်နိုင်တာ၊ မမြင်ဖူးတဲ့ problem အသစ်ကို စဉ်းစားနိုင်တာတွေ ပါတယ်။
Knowledge ရှိတိုင်းလည်း Intelligence ရှိတာ မဟုတ်ဘူး။ Computer နဲ့ ပြောရရင် hard disk ထဲမှာ data အများကြီး ရှိနေပေမယ့် processor မကောင်းရင် နှေးနေမှာပဲ။ စဉ်းစားတာ ကြာနေမှာပဲ။
LeetCode ပုစ္ဆာတွေ ဖြေရှင်းတဲ့အခါလည်း အဲဒီလိုပဲ။ လေ့ကျင့်ထားတဲ့ ပုစ္ဆာတွေဆိုရင် pattern matching ပြန်လုပ်ပြီး ဖြေရှင်းနိုင်တယ်။ Dynamic programming မသိထားတဲ့သူက dynamic programming ပုစ္ဆာကို ဖြေရှင်းဖို့ ခက်မယ်။
ဉာဏ်ကောင်းတယ်ဆိုတာ စပ်ဆက်တွေးခေါ်နိုင်တယ်။ pattern matching မြန်မြန်ရှာနိုင်တယ်။ problem solving အားကောင်းတယ် ဆိုတာမျိုးပေါ့။
ဉာဏ်ကောင်းတယ်လို့ ဆိုတဲ့သူတစ်ယောက်။ သူက တစ်ခါမှ programming မရေးဖူးဘူးဆိုရင် dynamic programming ပုစ္ဆာ မေးလိုက်တဲ့အခါ သူလည်း ချက်ချင်း ဖြေနိုင်မှာ မဟုတ်ဘူး။ သူ့ field မဟုတ်သလို သူ့မှာ programming knowledge ကော dynamic programming knowledge ကော မရှိသေးတဲ့အတွက် ဖြေရှင်းဖို့ ခက်နေမှာပဲ။
ဉာဏ်ကောင်းတဲ့သူတွေကတော့ ပြဿနာအသစ်တွေကို pattern matching အားကောင်းတဲ့အတွက် အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီး ဖြေရှင်းနိုင်တယ်။ ဒါပေမယ့် knowledge အားနည်းတဲ့အခါမှာ limit တော့ ရှိနေတာပဲ။
Wisdom ဆိုတာ မကြာခဏ ဘဝအတွေ့အကြုံတွေ၊ အမှားအယွင်းတွေ၊ အမာရွတ်တွေကနေ ပေါက်ဖွားလာတာ။ ကိုယ်တိုင် ခံစားပြီးမှ သဘောပေါက်လာတာ။
Database backup လုပ်ရမယ်ဆိုတဲ့ knowledge ရှိတယ်။ Backup လုပ်တတ်တဲ့ intelligence လည်း ရှိတယ်။ ဒါပေမယ့် “မလိုပါဘူးကွာ” ဆိုပြီး မလုပ်ဘဲထားတယ်။ တနေ့ DB ပျက်သွားတယ်။ အဲဒီနောက်ပိုင်းကစပြီး backup ဘာကြောင့် လုပ်သင့်လဲဆိုတာ သူ့ကို ရှင်းပြနေစရာ မလိုတော့ဘူး။ သူ့ဘာသာ အလိုလို လုပ်တော့တယ်။
အဲဒီအချိန်မှာ knowledge က wisdom အဖြစ် ပြောင်းသွားတာမျိုးပဲ။
နောက်ပြီး သူက junior တွေကို “Database ကို ပုံမှန် backup လုပ်နော်” လို့ ပြန်ပြောတဲ့အခါ junior တွေအတွက်တော့ အဲဒါက wisdom မဟုတ်တော့ဘူး။ Knowledge အနေနဲ့ပဲ ဝင်သွားတာ။
Friday ည deploy လုပ်မိပြီး weekend တစ်ခုလုံး bug fix လုပ်နေရတာမျိုးလည်း အတူတူပဲ။ အခုအချိန်မှာ “Friday ည deploy မလုပ်သင့်ဘူး” လို့ ပြောလိုက်ရင် နားထောင်တဲ့လူအတွက် knowledge ပဲ။ ဒါပေမယ့် တကယ် Friday ည deploy လုပ်ပြီး weekend ပျက်သွားဖူးတဲ့ developer ရဲ့ အသိနဲ့တော့ မတူဘူး။
တနည်းပြောရင် Wisdom က knowledge လို တိုက်ရိုက်သင်ပေးလို့ မရဘူး။ လမ်းညွှန်ပေးလို့တော့ ရနိုင်တယ်။ ဒါပေမယ့် တကယ်သဘောပေါက်သွားဖို့က ကိုယ်တိုင်ခံစားမှု၊ ဆင်ခြင်မှု၊ တာဝန်ယူမှုတွေ လိုတယ်။
ဒါကြောင့်လည်း အခုအချိန်ထိ AI မှာ လူ့ wisdom အစစ်လိုမျိုး မရှိသေးဘူးလို့ ထင်တယ်။
နောက်ပိုင်း AI ကို ဆုံးဖြတ်ခိုင်းတဲ့အခါ result တစ်ခုတည်း မဟုတ်ဘဲ ဖြစ်နိုင်ချေရှိတဲ့ အချက်အလက်တွေ၊ consequence တွေပါ ထည့်စဉ်းစားလာတယ်။ ဒါပေမယ့် အဲဒါက wisdom အစစ် မဟုတ်သေးဘူး။
AI က wisdom ရှိသလို အပြုအမူပြနိုင်တဲ့ ပုံစံတော့ ရှိလာတယ်။ ဒါပေမယ့် လူ့ wisdom အစစ်နဲ့တော့ မတူသေးဘူး။
Wisdom ဆိုတာ
သိထားတာကို ဘယ်အချိန်မှာ သုံးသင့်လဲ
မသုံးသင့်ဘူးလား
ရလာမယ့် အကျိုးဆက်တွေကို ခံယူနိုင်မလား
နောက်ဆက်တွဲ အကျိုးအပြစ်တွေကို ထည့်စဉ်းစားနိုင်မလား
မှန်တာတစ်ခုတည်း မဟုတ်ဘဲ ကောင်းတာ၊ သင့်တာ၊ မထိခိုက်စေတာကို ရွေးနိုင်မလား
အဲဒီအဆင့်ပဲ။
လက်ရှိ AI က အဖြေ ပေးနိုင်တယ်။ အကြံပေးနိုင်တယ်။ consequence တွေကို list ထုတ်ပေးနိုင်တယ်။ ဒါပေမယ့် ဒီအဖြေကို ဒီလူကို ပေးသင့်လား၊ မပေးသင့်ဘူးလား ဆိုတာကို လူလို တာဝန်ယူပြီး မဆုံးဖြတ်နိုင်သေးဘူး။
ပေးလိုက်ရင် ဘာတွေ ဆက်ဖြစ်နိုင်မလဲ ဆိုတာကိုလည်း တကယ့်ဘဝအတွေ့အကြုံနဲ့ ခံစားပြီး စဉ်းစားတာ မဟုတ်ဘူး။
ဒီလူရဲ့ စိတ်အခြေအနေအရ ဒီအဖြေက သင့်တော်ရဲ့လား။ ဒီအဖြေကြောင့် သူပိုကောင်းသွားမလား၊ ပိုဆိုးသွားမလား။ အဲဒီလို အရာတွေကို လူလို မခံစားနိုင်သေးဘူး။
နောက်ပြီး AI က ပေးလိုက်တဲ့ ဆုံးဖြတ်ချက်ရဲ့ အကျိုးအပြစ်ကို AI ကိုယ်တိုင် ခံစားရတာ မဟုတ်ဘူး။ တနည်းပြောရင် တာဝန်ယူမှု မရှိဘူးပေါ့။
Wisdom ဆိုတာ အမှန်ကို သိတာထက် ပိုတယ်။ ကိုယ့်အတ္တကို ကျော်လွန်ပြီး သဘောပေါက်နိုင်တာမျိုးပဲ။
ဘုရားဟောထားတာတွေက Knowledge ဖြစ်နိုင်တယ်။ ဘုရားဟောကြားချက်တွေကို ပြန်လည်ရှင်းပြပြီး လူနားလည်အောင် အလွယ်ဆုံး ပြန်ပြောနိုင်တာက Intelligence ဖြစ်နိုင်တယ်။ မေးတဲ့ ပြဿနာ၊ ပုစ္ဆာတွေကို ဘုရားဟောကျမ်းတွေနဲ့ ပြန်ထောက်ပြပြီး ပြောနိုင်တယ်ဆိုတာ intelligence အားကောင်းတဲ့ သဘောပဲ။
ဒါပေမယ့် ဘုရားပြောတဲ့အတိုင်း တကယ်နေထိုင်နိုင်ဖို့က Wisdom လိုတယ်။
ကိုယ်တိုင် မခံစား၊ မတွေ့ကြုံ၊ မသဘောပေါက်သေးရင် အဲဒါက knowledge အနေနဲ့ပဲ ရှိနေလိမ့်မယ်။
အခုတလော တာအို philosophy တွေ ဖတ်ပြီး တွေးမိတာလေး တစ်ခုပါ။
