ဂျာနယ်ကျော်မမလေး ရေးတဲ့ သွေး ဝတ္ထုကို ငယ်ငယ်ကတည်းက ဖတ်ချင်နေတာ ကြာပြီ။ အဲဒီ အချိန်တိုင်းက စာအုပ် ဆိုင်တွေမှာ ဝယ်လို့ မရတာရယ် နောက်ပြီး အသစ်ပြန်ထုတ်ချိန်မှာတော့ မဝယ်ဖြစ်တော့ရယ်ကြောင့် မဖတ်ဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကမှ သွေးဝတ္ထုကို စဖတ်ဖြစ်ခဲ့တယ်။ ကျွန်တော်က ဂျာနယ်ကျော် မမလေးရဲ့ စာအုပ်တွေ တစ်ခါမှ မဖတ်ဘူးခဲ့တော့ ဒီစာအုပ်ဟာ ပထမဆုံး ဖတ်ဖြစ်တဲ့ ဂျာနယ်ကျော်မမလေး ရဲ့ စာအုပ်လို့ ဆိုရမယ်။ အမှာစာမှာ ရှုမဝ မဂ္ဂဇင်းအတွက် လစဉ် ရေးသားထားပြီး လတိုင်း အချိန် တတ်နိုင်သလောက်ပေးပြီး ရေးသားထားတဲ့ စာအုပ်လို့ဆိုထားပါတယ်။

ဖတ်ကာစကတော့ တော်တော်လေး အေးပြီး လေးလွန်းလှတယ်။ နောက်ပိုင်းမှာတော့ ဖတ်ရတာ မဆိုးလှပါဘူး။ လစဉ် ဖော်ပြတဲ့ ဝတ္ထုဖြစ်တာကြောင့် ဖတ်ရတာဟာ လုံးခြင်းနဲ့ မတူပဲ အချို့ တစ်ပိုင်း နဲ့ တစ်ပိုင်းမှာ စာရေးဆရာ ရဲ့ အရေးသားတွေ ကွာသွားတာကို တွေ့နိုင်ပါတယ်။ အစ ပိုင်းမှာ အဖွဲ့အနွဲ့တွေ အတော်များပါတယ်။ ဝတ္ထု ရဲ့ ဇာတ်လမ်း ထက် မြန်မာ ပြည် အကြောင်း ဖွဲ့နွဲ့ထားတာတွေ ပိုများနေတယ် လို့ ထင်မိတယ်။ မြသန်းတင့် ၊ သိန်းဖေမြင့် စတဲ့ စာအုပ်တွေ ကို ဖတ်နေကျမို့ ဂျာနယ်ကျော်မမလေး ရဲ့ အရေးအသားနဲ့လည်း မရင်းနှီးတာ ဖြစ်နိုင်ပါတယ်။ ဇာတ်လမ်းကျော်ရိုးနဲ့ အနှစ်သာရ ကို သဘောကျလို့ ဘယ်လို ဇာတ်သွားမလဲ ဇာတ်သိမ်းမလဲ ဆိုတာကို သိချင်လွန်းတာ ကြောင့် ပြီးအောင် ဖတ်ဖြစ်ခဲ့ပါတယ်။

အဓိကတော့ စစ်အတွင်းမှာ မွေးဖွားခဲ့တဲ့ ဂျပန်နဲ့ မြန်မာ ရခဲ့တဲ့ မောင်မောင် တစ်ယောက် ငယ်စဉ်က စစ် ရဲ့ ဒဏ်ကြောင့် ခံစားခဲ့ရတာတွေကို အဓိက ဖော်ညွှန်းထားပါတယ်။ နောက်ပြီး ဂျပန်မှာ ရှိတဲ့ ဖအေတူအမေကွဲ အစ်မက မောင်လေး တစ်ယောက် ရှိမှန်းသိပြီးနောက် မြန်မာနိုင်ငံကို ရောက်လာပြီး သူ့မောင်လေးကို ရှာဖွေပြီး ရင်းနှီးမှု ရအောင် ကြိုးစားတဲ့ အကြောင်းပါ။ ဇာတ်လမ်းကတော့ သိပ်ပြီး ရှုပ်ရှုပ်ထွေးထွေး မဟုတ်ပါဘူး။ သို့ပေမယ့် ဂျပန် မြန်မာ ယဉ်ကျေးမှုတွေကို စာအုပ်ထဲမှာ ထည့်နိုင်သလောက် ထည့်ထားတာ ကြောင့် တစ်ခါ တစ်ခါ မှုရင်း ဇာတ်လမ်း နဲ့ မဆီမဆိုင် ဆိုတာလေးတွေကိုတော့ ခံစားမိရတယ်။ တစ်အုပ်လုံး အတိုင်းအတာ အနေနဲ့ ကတော့ ဇာတ်လမ်းက အေးပေမယ့် အဆုံးပိုင်းကိုတော့ အမြန်လေး ဇာတ်သိမ်းထားတာ ကို တွေ့ရပါတယ်။

စာအုပ်တစ်လုံးရဲ့ အဓိက အနှစ်သာရကတော့ စစ်ရဲ့ ဆိုးကျိုး ၊ အတိတ်က ဖြစ်ရပ်တွေကို ခွင့်လွှတ်ပြီးတော့ အနာဂတ် အတွက် ကြိုးစားဖို့ ဖော်ညွှန်းထားတဲ့ စာအုပ်တစ်အုပ်ပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading