မြန်မာပြည်သား (ရန်ကုန်ဘဆွေ)

ကိုငြိမ်းချမ်းထွေးက ရန်ကုန်ဘဆွေရေးတဲ့ မြန်မာပြည်သား စာအုပ်ဖတ်ကြည့်ပါလားလို့ပြောတာနဲ့ သူငယ်ချင်း စလုံးလာမယ့်သူကို စာအုပ် ၂ အုပ်မှာလိုက်တယ်။ ၁ အုပ်က ရန်ကုန်ဘဆွေ မြန်မာပြည်သား နဲ့ မြသန်းတင့် ရဲ့ သုခမြို့တော်။ သုခမြို့တော်က ရန်ကုန်အိမ်မှာ ဝယ်ထားတဲ့ စာအုပ်ရှိပေမယ့် ရှာရတာနဲ့ ရှုပ်တာနဲ့ သူငယ်ချင်းကိုပဲ ဝယ်လာခိုင်းလိုက်တယ်။ ရန်ကုန်ဘဆွေ ရဲ့ မြန်မာပြည်သား စာအုပ်ကို အခုဖတ်ကြည့်လိုက်တော့ ရှေးတုန်းက ဓလေ့လေးတွေ ရေးထားတဲ့ စာအုပ်ကောင်းပဲဗျ။


ရှေးမြန်မာတွေ အကြောင်းသိချင်ရင် လေ့လာချင်ရင်တော့ တကယ်လေ့လာလို့ ကောင်းတဲ့ စာအုပ်တစ်အုပ်လို့ ဆိုရမယ်။ အခုမှ အစပိုင်းလောက်ပဲ ရောက်သေးတော့ တစ်အုပ်လုံးအကြောင်းကို ချုံပြီးတော့ ကောင်းမကောင်းမပြောနိုင်သေးဘူး။ နောက်ဆုံး အပိုင်းလေး အနည်းငယ်ဖတ်ကြည့်တော့ မန်းချူး နေပြည်တော်ထိ တိုက်မယ်ဆိုပါလား … စစ်ပြေငြိမ်းတာကို မကျေနပ်ကြဘူးဆိုတာ ဖတ်လိုက်ရတယ်။ ရယ်တော့ ရယ်ချင်မိသား။ ချင်းလုံး မင်းရဲ့ emporer ဘယ်လောက်ကြီးတယ် ပီကင်းက ဘယ်နားမှာဆိုတာရယ်ကို အဲဒီ ခေတ်ကာလက မသိဘူးနဲ့တူတယ်။ နောက်ပြီး ကျောင်းတုန်းက သင်ထားတဲ့ တရုတ် မြန်မာ စစ်ပွဲက အပြည့်အစုံ မပါဘူး။ ဒီစာအုပ်မှာကတော့ ပိုပြီး ပြည့်စုံစွာ ရေးထားတယ်လို့ ခန့်မှန်းရတာပဲ။ စစ်ဖြစ်ရခြင်း အကြောင်းတွေကိုလည်း ဖြည့်စွက်ထားတော့ ကွက်လပ်ဖြစ်နေတဲ့ ကျောင်းက သမိုင်းစာအုပ်ကို အနည်းငယ် ဖြည့်စွက်ပေးနိုင်တယ်ဆိုလည်း မမှားပါဘူး။

လူပျိုတွေ အပျိုကို ရှေးအခါကို ပိုးပန်းပုံကို ကြည့်ပြီး စိတ်ကုန်မိလေတယ်။ တော်တော်မလွယ်တဲ့ အလုပ်လို့လည်း ကောက်ချက်ချမိလေရဲ့။ စကားထာဝှက်တာကို မုန်းတဲ့ ကျွန်တော့်အတွက်တော့ အခုခေတ်မှာ အဲလိုမဟုတ်တာ တော်သေးရဲ့လို့ ခေတ်ကာလကို ကျေးဇူးတင်မိလေတယ်။ စကားထာဝှက်ပြီး ပြောကြဆိုကြတာဟာ ချစ်စရာ မြန်မာ့ဓလေ့လို့ ဆိုမယ်ဆိုလည်း ဆိုနိုင်ပေမယ့် ကျွန်တော့်အတွက် အဆင်မချောတဲ့ အလုပ်ဆိုလည်း မမှားဘူးလို့ ဆိုရမှာပဲ။ အချိန်ကုန်တယ်။ ခေါင်းစားတဲ့ အလုပ်ဆိုလည်း ဟုတ်တာပဲ။ ပုံမှန် လေ့လာမှတ်သားထားမှုမရှိရင်တော့ ပြောလို့ ဆိုလို့ရမယ်မဟုတ်။ စာရေးသူ ရန်ကုန်ဘဆွေကိုတော့ ချီးကျူးမိတယ်။ ပေါက်ပေါက်ရှာရှာ စကားထာကို ရေးထားလို့ပါ။

မေးလိုက်ပုံက

မြေနှင့်ရန်ဘက် ၊ခက်လက်ညိုမှောင် ၊ နေမလောင်သည့် ၊အမှောင်ပုန်းခို ပန်းနီညို ၊ မပွင့်လိုဘူး ၊အမြဲဖူး၊ ချစ်သူခူးမှလန်း ၊ ချစ်သူနမ်းမှ ပွင့်၊မလေးပန်ဖို့ အသင့် ၊မောင်ကြီး ပေးချင်ချင့်-တဲ့

မိန်းကလေးက ရှက်ရှက်နဲ့ ပြန်ဖြေလိုက်ပုံလေးကလည်း

နီညိုရောင်သမ်း ၊နေမလှမ်းတဲ့ ၊ နတ်ပန်းဆန်ကို ၊ မပန်ဝံ့လို့ ၊ အမေဆိုလိမ့် ၊ နတ်အိုရဲက ဖျဉ်းစွဲအောင် ဖမ်းစားတတ်သတဲ့တော်။

မြေမှာ မပေါက် ၊လူမှာရောက်သည့် ၊ကြောက်စရာ့ပန်း ၊ ခူးမှလန်း ၊ ရိုးတန်ညှာက နီမြန်းမြန်း

ယောကျ်ားလေး မေးလိုက်ကတည်းက MRT ပေါ်မှာ ပြုံးစိစိ ဖြစ်သွားတယ်။ စကားထာကို မကြိုက်တဲ့ ကျွန်တော်တောင် တစ်ခေါက်ဖတ်လိုက်ရုံနဲ့ အဖြေကို သိတယ်။ သို့ပေမယ့်လည်း တစ်ဖက်က ပြန်ဖြေလိုက်တာကို တွေ့လိုက်တော့ ပိုလို့တောင် ရယ်ချင်သွားသေးတယ်။ တကယ်ကို ပေါက်ပေါက်ရှာရှာ တွေးတတ် ရေးတတ်တဲ့ စာရေးဆရာပဲလို့ စိတ်ထဲကနေ ဖတ်ရင်းနဲ့ ချီးကျူးလိုက်ပါသေးတယ်။

ရန်ကုန်ဘဆွေရဲ့ မြန်မာပြည်သား စာအုပ်က မြန်မာနိုင်ငံသားတစ်ယောက်ဆိုရင် ဖတ်ထားသင့်တဲ့ စာအုပ်ဆိုလည်း မမှားဘူးလို့ ဆိုရမလိုပဲ။ ရှေးမြန်မာတို့ရဲ့ ထုံးတမ်းစဉ်လာတွေ ကိုးကွယ်ယုံကြည်မှုတွေ ပေါင်းသင်းဆက်ဆံမှုတွေ နောက်ပြီး တွေးတောပုံတွေကို တွေ့နိုင်တယ်။ အာဏာစက် ပြင်းလှတဲ့ ဆင်ဖြူရှင် မင်းတရားကြီးလက်ထက်ဖြစ်တာကြောင့်လည်း စာအုပ်က ဇာတိမာန်ပါတယ်လို့လည်း ဆိုလို့ရတယ်။ အစပိုင်းမှာ ဖတ်ကြည့်တာနဲ့ တင် မြန်မာတွေရဲ့ ဗဟုသုတ အားနည်းပုံ ကိုယ့်ကိုယ်ကို အထင်ကြီးပုံတွေကို စာရေးဆရာက အထင်းသားပေါ်လွင်အောင် ရေးသားပြထားနိုင်တယ်။ တရုတ် အင်ပါယာ ဘယ်လောက်ကြီးလဲဆိုတာကို မသိပေမယ့် ခုခံကာကွယ်တိုက်ခိုက်နိုင်တဲ့ အစွမ်းကတော့ မသေးလှဘူးဆိုရမယ်။

The Qing Myanmar campaign (1765–1770) was the most disastrous frontier war that the Qing dynasty had ever waged. ((http://en.wikipedia.org/wiki/Qianlong_Emperor))

လို့တောင် wiki မှာရေးထားတာကိုလည်း ဖတ်လိုက်ရသေးတယ်။ ဒီစာအုပ်မှာ ဆင်ဖြူရှင်မင်း နဲ့ မန်ချူး ချင်းလုံ မင်း နဲ့ နယ်စပ် စစ်ပွဲအကြောင်း ပါတော့ အရင်ဆုံး ချင်းလုံ မင်းအကြောင်းကိုလည်း wiki မှာ ဖတ်ဖြစ်လိုက်သေးတယ်။ မြန်မာပြည်သားတစ်ယောက်ဆိုရင်တော့ မြန်မာပြည်သား စာအုပ်ကိုတော့ ဖတ်ထားသင့်တဲ့ စာအုပ်ဖြစ်ပေသော်လည်း စာအုပ်ဈေးက ၄၂၀၀ ဆိုတော့ မသေးလှပေဘူး။ ebook လည်း မရှိတဲ့အပြင် စာအုပ်ဆိုင်တိုင်းမှာလည်း အခုအချိန်မှာ မရနိုင်တဲ့အတွက် ဝယ်ရတာတော့ နည်းနည်းခက်တယ်လို့ ဆိုပါတယ်။

မြသန်းတင့်ရဲ့ သုခမြို့တော်ကတော့ review ဖတ်မိပြီး ရန်ကုန်မှာတုန်းက စာအုပ်ရှိရဲ့သားနဲ့ မဖတ်ဖြစ်လိုက်ဘူး။ ဒါကြောင့် နှမြောမိတာကြောင့် သူငယ်ချင်းကို ဝယ်ခိုင်းဖြစ်ခဲ့တဲ့ စာအုပ်ပါ။ မြန်မာပြည်သား ဖတ်ပြီးမှပဲ ဖတ်ဖို့ စာအုပ်ပေါ့။ ဖတ်ပြီးမှပဲ အားရင် စာအုပ်အကြောင်းလေး ရေးပါအုံးမယ်ဗျာ။

8 Comments

  1. မောင်ဧည့်သည် says:

    သုခ မြို့တော် စာအုပ် က တကယ်ကောင်းမွန် တဲ့စာအုပ်ပါ.အိန္ဒိယနိုင်ငံရဲ့ လူနေမှု အကျင့်စရိုက် တွေ နဲ့ဘာသာရေး တွေကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်တယ်လေ..

  2. mydaydream says:

    အ*ဆင်*မချော

    1. Anonymous says:

      ပြင်ပြီးပါပြီ။ ကျေးဇူးတင်ပါတယ်။

  3. Kotoon7 says:

    မြန်မာပြည်သား စာအုပ်က တော်တော်လေး ကောင်းတဲ့ စာအုပ်ပါ။ မြန်မာ ကျေးလက်ယဉ်ကျေးမှု အတွက် အသေအချာ သိမ်းဆည်းထားရမယ့် စာအုပ်မျိုးပါ။ ဆေးမင်ကြောင် ထိုးတဲ့အကြောင်းတွေ။ ကျီးမနိုးပွဲ လုပ်တဲ့အကြောင်းတွေကို အသေးစိတ်ရေးထားတာ။ ကိုစေတန်ဂေါ့ ရဲ့ အချိန်တွေ ကုန်ရကျိုးနပ်မယ့် စာအုပ်မျိုးပဲ။ သုခ မြို.တော်ကတော့ အထူးပြောစရာ မရှိ
    ဒေါမနစ်လာပရေး ရဲ့ စာအုပ်။ အဲ့စာအုပ်ကို ရုပ်ရှင်ရိုက်တော့ အိန္ဒိယက သူ.တို.နိုင်ငံ သိက္ခာကျတဲ့ အကြောင်းတွေပါလို့ ရုပ်ရှင် ရိုက်ကွင်း တည်ခွင့်မပြုခဲ့ဘူးတဲ့။ ………..စကားမစပ်… သတ်ပုံက စာဖတ်များပြီး ဂရုစိုက်ရင် မှန်လာတာပဲဗျ။ ကျနော်တော့ ပို.စ်တစ်ခု ဖတ်ရင်
    သတ်ပုံထက် ဆိုလိုရင်းကို ပိုပြီး တန်ဖိုး ထားတယ်။ :P

    1. Anonymous says:

      ဟုတ်… နောက်ဆိုရင် ရေးတဲ့အခါ သတ်ပုံကို ပိုဂရုစိုက်ပါ့မယ်..

      ကျေးဇူးတင်ပါတယ်..

  4. Babao says:

    ှဆရာစာအုပ်တွေအားလုံးကောင်းပါတယ်။ စာရေးကောင်းသလို မြန်မာပြည်ရဲ့နိုင်ငံရေးမှာသူယုံကြည်တဲ့ဘက်ကပါဝင်လုပ်ဆောင်ခဲ့တဲ့သူတစ်ဦးပါ။

  5. Thuzar says:

    အီး iPad ကြီးကိုင်ပြီး မြန်မာငွေ ၄၂၀၀ လေးကို ဈေးကြီးတယ်အော်နေတယ်။ ဒီမှာ အဲလိုစာအုပ်ကောင်းကောင်း အဲလောက်ပိုက်ဆံနဲ့ ဝယ်ကြည့်ပါဦးလို့..။ :D

    1. Anonymous says:

      မြန်မာနိုင်ငံမှာ လုပ်ရင် ရတဲ့ လခ နဲ့ဆိုရင်တော့ ဈေးကြီးတာပေါ့ဗျာ။ သို့ပေမယ့် တကယ်တန် တဲ့ စာအုပ်ဗျ။ တော်တော်လေးကို ကောင်းတဲ့ စာအုပ်လို့ ဆိုရမယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.