Rework

အခုတလော Rework ဖတ်နေတယ်။ အကုန်လုံးတော့ မပြီးသေးဘူး ပြီးခါနီးတော့ ရောက်နေပြီလို့ ဆိုလို့တယ်။ Rework စာအုပ်က ဖတ်ကြည့်လိုက်တော့ ပြီးခဲ့တဲ့ Getting Real စာအုပ်နဲ့ တော်တော်လေးကို တူပါတယ်။ သို့ပေမယ့် Getting Real ထက်စာရင် အရေးအသားပိုကောင်းပြီး ပြေပြစ်လာတယ်လို့ ဆိုလို့ရမယ်။ Getting Real စာအုပ်က ဖတ်လို့ကောင်းတယ်။ အဲဒီထက် Rework က ပိုဖတ်လို့ကောင်းတယ်လို့ ပြောလို့ရမယ်။ Rework ကို ကိုဒီဘီ ရဲ့ မှတ်ချက်ကတော့ ရှင်းရှင်းလေးပဲ။ ဖတ်လိုက်တော့ shock ဖြစ်သွားတယ်တဲ့။ ဒီထက် ပိုပြီး မပြောသလို ပြောစရာလည်း မလိုလောက်အောင် ပြည့်စုံသွားတဲ့ စကားလို့ပဲ ဆိုရပေမလားပဲ။ ဟုတ်ပါတယ်။ တကယ်ပဲ shock ဖြစ်သွားပါတယ်။ သမာရိုးကျ နည်းစနစ်တွေကို ခနဲ့ထားသလိုလိုတွေလည်း အများကြီးပါပါတယ်။ နောက်ပြီး စကားကြီးစကားကျယ်ပြောတဲ့သူတွေကိုလည်း နှိပ်ကွပ်ထားတဲ့ စာလုံးတွေလည်း ပါဝင်နေတယ်။ နောက်ပြီး သူတို့ရဲ့ တွေးပုံခေါ်ပုံတွေက လောကကြီးကို တည့်တည်ကြည့်တယ်လို့ ပြောရမလား ကန့်လန့် ကြည့်တယ်ဆိုရမလား။ အရပ်စကားဆိုရင်တော့ ကန့်လန့်တိုက်တယ်လို့ ဆိုရင် ပိုမှန်မယ်ထင်တယ်။ ဟင် လောကကြီးကို တည့်တည်ကြည့်တယ်ဆိုတော့ ကျွန်တော်တို့က အခု စောင်းစောင်းကြီးကြည့်နေလို့လားဗျ။

အဲလိုလည်း မဟုတ်ပါ။ ကျွန်တော်တို့က တစ်ခါတစ်လေ ကျော်ကြည့်ကြတယ်။ အဲ.. ပြီးတော့ ပြောဖြစ်သေးတာက ကွက်ကျော်မြင်တယ်ပေါ့။ Rework ထဲက စာတွေကတော့ တည့်တည့်ကြည့်ဖို့ နဲ့ စိတ်ကူးမယဉ်ဖို့က အဓိကပြောထားတယ်။ Getting Real ကို ဖတ်လိုက်တဲ့ အခါမှာ လက်ရှိ Product တွေကို ဘယ်လို တည်ဆောက်သင့်သလဲဆိုတဲ့ စိတ်ကူးတွေ ရလာခဲ့တယ်။ Rework ကို ဆက်ဖတ်လိုက်တဲ့အခါမှာ လက်ရှိ Product တွေ ဘာလို့ မအောင်မြင်ဘူးလဲဆိုတာ မြင်သွားတယ်။ အောင်မြင်အောင် ဘယ်လိုလုပ်သင့်သလဲဆိုတာလည်း သဘောပေါက်သွားတယ်။ အချို့ကိစ္စတွေက ကျွန်တော် စိတ်ကူးယဉ်ဆန်လွန်းတယ်။ အကွက်ကျော်ကြည့်လွန်းတယ်ဆိုတာကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ပြောနေသလိုပဲ။ သူပြောသလို အချို့ကိစ္စတွေမှာ ကျွန်တော်တို့တွေဟာ ဓာတ်လှေခါးမသုံးပဲ လမ်းလျှောက်တက်ပြီး ငါကွ လို့ ကြိမ်းဝါးနေသလိုမျိုး ဖြစ်နေတာကို တွေ့လိုက်ရတယ်။

ကိုယ့်ကိုယ်ကို တွေ့လိုက်ရတယ်ဆိုလို့ ဟိုနေ့က The Karate Kid က ဂျက်ကီချမ်း ပြောသလိုပဲ ကိုယ့် စိတ်က ငြိမ်နေတဲ့အခါမှာ မှန်ထဲမှာ ကိုယ့်ကို ပြန်တွေ့သလို တွေ့လိမ့်လို့ ဆိုထားတာကို ဘာမဆိုင် ညာမဆိုင် သတိရသွားသေးတယ်။ ဟုတ်ပါတယ်။ စာအုပ်ကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဖတ်ပြီး ကိုယ့်ကိုယ် ပြန်ကိုက်ကြည့်လိုက်မှ စာအုပ်ထဲက စာတွေ သဘောကို နားလည်နိုင်တယ်။ Zen ဗုဒ္ဓဘာသာ အဆိုအမိန့်လိုမျိုး ဖန်ခွက်ထဲမှာ ရေပြည့်နေရင် ရေထပ်ဖြည့်လို့ မရတော့ဘူးဆိုတာလည်း ဟုတ်တာပဲ။ ကိုယ့်ဘာသာကိုယ် ပြည့်ပြီလို့ လုံလောက်ပြီလို့ထင်တဲ့အခါမှာ အထဲက စာတွေဟာလည်း ဘာမှ မဟုတ်တော့ဘူး။


အဲ.. မဆီမဆိုင် စာအုပ်ဖတ်ခြင်း အကြောင်းရောက်သွားအုံးမယ်။ စာအုပ်အကြောင်း ပြန်ဆက်ရအောင်။ စာအုပ် ရဲ့ အဓိက အချက်က Product တစ်ခုကို ဘယ်လို အကောင်အထည်ဖော်မလဲ။ Product တစ်ခုကို ဘယ်လို အောင်မြင်အောင် ဘယ်လိုလုပ်မလဲ။ Customer တွေကို No လို့ ပြောရဲလာအောင်။ နောက်ပြီး Heroes ဖြစ်ချင်နေတဲ့ ကျွန်တော်တို့ကို မလိုအပ်ပဲ Heroes မလုပ်ဖို့ အကြောင်းတွေ ပါဝင်ပါတယ်။ တနည်းပြောရင် Getting Real ရဲ့ အဆက်လို့ ဆိုရမှာပေါ့။ Getting Real မှာလည်း အတော်များများပါဝင်ပေမယ့် သူက Product တစ်ခုကို တည်ဆောက်ဖို့ တွေးခေါ်ဖို့အပိုင်း နောက်ပြီး ပူးပေါင်းလုပ်ဆောင်မှု အပိုင်းတွေသာ ပါဝင်ပါတယ်။ Rework မှာကတော့ Getting Real က အနှစ်ချုပ်တွေ ပြန်လည်ပါဝင်လာပြီးတော့ Starter တွေအနေနဲ့ ဘယ်လို စသင့်သလဲဆိုတဲ့ အကြံပေးချက်တွေ ပါဝင်ပါတယ်။ အကြောင်းအရာ အားလုံးက ကိုယ်နဲ့ ကိုက်ချင်မှ ကိုက်မယ်။ Business စာအုပ်တွေ ဖတ်ရတာ ဝါသနာပါတယ်။ နောက်ပြီး ကျွန်တော့်လိုမျိုး လောကကြီးကို ကန့်လန့်တိုက်ပြီး တွေးခေါ်တဲ့ စာအုပ်တွေကို သဘောကျတယ်ဆိုရင်တော့ ဖတ်ကြည့်သင့်ပါတယ်။

လာပြန်ပြီ။ လောကကြီးကို ကန့်လန့်တိုက်ပြီး တွေးခေါ်တယ်ဆိုတဲ့ စကား။ ဟုတ်ပါတယ်။ ကျွန်တော်လည်း သမာရိုးကျ တွေးခေါ်တာတွေကို ရေးထားတဲ့ တက်ကျမ်းတွေထက်စာရင် ဆရာ အော်ပီကျယ်ရဲ့ လောကကြီးကို ကန့်လန်တိုက်ပြီး ရေးထားတဲ့ ကျကျမ်းကို ပိုသဘောကျ နှစ်ခြိုက်တယ်။ နောက်ပြီးတော့ The Catcher In the Rye ကို ဆရာ မြသန်းတင့် ဘာသာပြန်ထားတဲ့ လေလွှင့်သူ စာအုပ်ကို သဘောကျတယ်။ ကိုယ်တိုင်ကလည်း လောကကြီးကို ကန့်လန့် တွေးတတ်တဲ့ လူစားမျိုးနဲ့ တူပါတယ်ဗျာ။

Rework စာအုပ်က ဈေးတော့ နည်းနည်းများပါတယ်။ S$ 36 လောက်တော့ ရှိမယ်ထင်ပါတယ်။ kinokuniya မှာ ဝယ်လို့ရပါတယ်။ PDF နဲ့ epub ကို လိုချင်တယ်ဆိုရင်တော့ Googling လုပ်ပေါ့ဗျာ။ Rework စာအုပ်ပြီးရင်တော့ နောက်ထပ် စာအုပ် အသစ်ဖြစ်တဲ့ Rework : Change the Way You Work Forever ကိုလည်း ဖတ်နိုင်အောင် ကြိုးစားရမယ်။ စာအုပ် နောက်တစ်အုပ်ထပ်ထွက်တော့ စဉ်းစားမိသေးတာက ဒီကောင်တွေ စာအုပ်ရေးပြီး ရောင်းစားနေတာများလားလို့။ Getting Real ကတော့ Online မှာ Free ဖတ်လို့ရပြီး pdf ကိုတော့ ဝယ်ရပါတယ်။ ပြီးတော့ Rework ထွက်လာတယ်။ Getting Real ပေါက်ထားတဲ့ အရှိန်ကြောင့် Rework မှာ ထပ်ပြီး ပေါက်သွားတယ်။ အော်.. အခု နောက်တစ်အုပ်ထွက်လာပြန်ပြီ။ Rework လေး ပြီးမှပဲ ကြိုးစားပြီး ဖတ်လိုက်ပါအုံး။

PS: ebook ရှာလိုသူများအတွက် Hint : ebooksurf rework ။

7 Comments

  1. dev2709 says:

    “Rework စာအုပ်ပြီးရင်တော့ နောက်ထပ် စာအုပ် အသစ်ဖြစ်တဲ့ Rework : Change the Way You Work Forever ကိုလည်း ဖတ်နိုင်အောင် ကြိုးစားရမယ်။”

    Rework is Hardcover format and Rework : Change the Way You Work Forever is Paperback format.
    They both are the same book.

    1. saturngod says:

      Thank

  2. Nay Yan Oo says:

    Zen ဇင်ဗုဒ္ဓဘာသာ။ Zend ဟုတ်ဘူး။ Spelling error

    1. saturngod says:

      ဟုတ်သား.. Zend framework နဲ့ ရောသွားတယ် :D

  3. Pyae Pxyo Aung(MZ) says:

    ဖတ်ကြည့်ဦးမယ်ဗျာ။epub ရနိုင်မယ့်လင့်ရှိ့ရင် လဲ share ကြပါဦး။လောလောဆယ်တော့ googling လိုက်ဦးမယ်။

    1. saturngod says:

      you can get epub. I also show Hint for google search in the post :P

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.