ဘဝမှာ အသက် ၃၅ နှစ်ရောက်တော့ တော်တော်များများ လုပ်ခဲ့ပြီးပြီပဲ။ အခုတလော အလုပ်တွေများပြီး မအားတာနဲ့ လုပ်သည့် အလုပ်တွေ က ပိုက်ဆံရသည့် အလုပ်တွေ မဟုတ်တာ။ (ပိုက်ဆံက ကြိုထုတ်ပြီးလို့ မရတော့တာ) စိတ်တွေညစ်နေပေမယ့် ဒီတစ်သက်လုံး လုပ်ခဲ့သမျှထဲမှာ နောင်တ ရစရာ မရှိသလောက်ပဲ။
ဘဝ တစ်ခုလုံးပြန်စဥ်းစားရင် သူငယ်ချင်းကနေ ၄ တန်း အထိ ကျောင်းအုပ်ဆရာမ ကြီး နဲ့ တူ နဲ့ ကျောင်း အတူတူတက်ခဲ့တုန်းက အာဏာပြခဲ့ရသည့် ဘဝတွေလည်း ကြုံခဲ့ရတယ်။ ဒါပေမယ့် ၅ တန်း မှာ ကျောင်းပြောင်းလိုက်တော့ ဟိုမှာ ကိုယ့်ကိုယ် အာဏာပြန်ပြမယ့် သူတွေ ကြီးနဲ့ ပဲ ကြုံခဲ့ရတော့ အခုအချိန် ပြန်စဥ်းစားမိရင် ရယ်ဖို့ကောင်းသား။
ကျောင်းတုန်းက မလုပ်ချင်သည့် စာတွေ မလုပ်ခဲ့ဘူး။ အဆင့်လည်း မကောင်းခဲ့ပေမယ့် ရသည့် အဆင့်ကိုလည်း ကျေနပ်တယ်။ ကျောင်းက အဆင့်ဆိုတာ ဘဝကို ခွဲခြားပေးတာ မဟုတ်ဘူးလို့လည်း ယုံကြည်ခဲ့တယ်။ အဆင့်မကောင်းလို့လည်း ဘယ်သူငယ်ချင်းမှ မပြစ်ပယ်ခဲ့တာကြောင့်လည်း ပါမယ်။
ဘဝ မှာ ပိုက်ဆံ မရှိပဲ နဲ့ လည်း နေခဲ့ဖူးတယ်။ စလုံးရောက်ခါစ မိန်းမ ယူပြီးခါစ မင်္ဂလာဆောင် စရိတ် နဲ့ အကုန်ကုန်သွားတော့ လင်မယား နှစ်ယောက် တော်တော်လေး ခက်ခက်ခဲခဲ နေခဲ့ရတယ်။ မိန်းမက အလုပ်မရှိသေးသည့် အချိန်မှာ ပျော်ပျော်ကြီး ဖြတ်သန်းခဲ့ဖူးတယ်။ နောက်ပိုင်း ပိုက်ဆံ ပူ စရာမလိုသည့် အတွက် ဘဝ ကို စိတ်အေး လက်အေး နဲ့ ကျော်ဖြတ်ခဲ့ဖူးတယ်။ လိုချင်တာဝယ်။ သွားချင်တာ သွားလုပ်ခဲ့တယ်။ အဲတုန်းက Europe ကို သွားခဲ့တာ အမှန်ဆုံးပဲ။ နောက်ပိုင်း သြဇီ နဲ့ ဂျပန်သွားဖို့ အစီအစဥ်က covid နဲ့ ပျက်သွားခဲ့တာ။ အဲတုန်းက ပိုက်ဆံ နှမြောပြီး မသွားမိခဲ့ရင် ဘဝမှာ အမှတ်ရစရာ ရှိမှာ မဟုတ်ဘူး။ နိုင်ငံတော်တော်များများကိုလည်း ခရီးထွက်ခဲ့ဖူးတယ်။ အဲဒီအတွက်လည်း ကျေနပ်တယ်။ အခုအချိန်မှာ ပြန်စဥ်းစားရင် ပိုက်ဆံတန်ဖိုးက အမြဲကျနေတာ။ စုထားတာထက် ခရီးထွက်လိုက်တာ ပိုတန်သလိုပဲ။ အရင်က စလုံးက ၈၀၀ ဝန်းကျင်ကနေ အခု ၁၃၅၀ လောက် ဖြစ်နေပြီ။ ခရီးထွက်လိုက်လို့ ရခဲ့သည့် အတွေ့အကြုံက ဓာတ်ပုံတွေ ကြည့်လိုက်တိုင်း ပြန်ခံစားလို့ရတယ်။
ကိုယ်ပိုင်လုပ်ငန်းကို အသက် ၃၀ မှာ စပြီး လုပ်ခဲ့တယ်။ အခုအချိန်မှာ ၅ နှစ် အတွင်း လူအမျိုးစုံ ဘဝအမျိုးစုံ ကြုံခဲ့ရတယ်။ တက်လိုက်ကျလိုက်နဲ့ ဘယ်ဟာမှ linear ဖြစ်မနေဘူး။ အရင်က company သက်တမ်း ၅ နှစ်လောက် ဆိုရင် အတည်ကျပြီ ထင်ထားတာ Coup ထဖြစ်လိုက်တော့ ထင်ထားတာတွေ တလွဲတွေ ဖြစ်ကုန်တာပဲ။ ကိုယ့်ဘဝ အကြောင်းကိုယ်စဥ်းစားမိပြီး အခုအချိန်မှာ အဆင်မပြေတာတွေ စိတ်ညစ်ရတာတွေ ငွေမရှိတာတွေ ကလည်း အမြဲဖြစ်နေမှာ မဟုတ်ဘူး လို့လည်း ယုံကြည်တယ်။ အဲလိုလည်း တွေးမိတော့ အားတက်မိသွားတယ်။
ဘဝမှာ လုပ်ချင်လုပ်ပြီး နောင်တ မရဖို့ ပဲ လိုတယ်။ အခုအချိန်မှာ ဖြစ်ချင်တာတွေ ကလည်း အရေးမကြီးတော့ဘူး။ လုပ်ချင်တာလုပ်ပြီး ကိုယ်လုပ်လိုက်တာတွေ လူတွေ ဒုက္ခ မရောက်သွားဖို့ပဲ လိုတယ်။ ဘဝ က ဘယ်အချိန် ထိ ရှင်ရမလဲ မသေချာဘူး။ မလုပ်ခဲ့ရင် ကောင်းမလား ဆိုတာ ကို တွေးပြီး စိတ်ဆင်းရဲ မနေဖို့ပဲ လိုမယ်။
အရင်က ၂ ပတ် ကို စာအုပ် ၁ အုပ်လောက် ဖတ်ရမှ နေသာထိုင်သာ ရှိသည့် ဘဝ ကနေ ကလေး နှစ်ယောက် နဲ့ စာအုပ် တစ်အုပ်ကို ၁ နှစ်မှ တစ်အုပ်ပြီးတော့တယ်။ ဖတ်ဖြစ်သည့် စာအုပ်တွေက ကလေး စာအုပ်တွေ ပဲ ရှိတော့တယ်။ ဒါပေမယ့်လည်း စာ မဖတ် ရ လို့ နေသာထိုင်သာ မဖြစ်တာတွေက ၃ နှစ်လောက်မှာ နေသားကျသွားခဲ့ပြီ။ အခုတော့ Osho စာအုပ် တစ်အုပ်ဖတ်ပြီး သူ့စာအုပ်တွေတော့ ထပ်ဖတ်ချင်လာတယ်။ ဖတ်ဖြစ်အောင်တော့ ကြိုးစားအုံးမယ်။ စာအုပ်ထဲမှာ ပါသည့် အချက်လေး တစ်ခုကို တော်တော်သဘောကျတယ်။
အလင်း ဟာ အမှောင်ကို မမြင်ဖူးသည့် အတွက် သူ့ကို အမှောင် ဆိုတာ ဘာလဲ ဆိုပြီး ခေါ်ပြလို့ မရဘူး။ အမှောင်ဟာလည်း အလင်း ရဲ့ အရှေ့ကို မရောက်လာနိုင်ဘူး။
အဲဒီ စာလေးက ကိုယ့်အတွက် အတော်ကို ဥာဏ်ပွင့်သွားစေတာပဲ။ တချို့လူတွေကိုလည်း မှားနေတယ် လို့ ပြောနေပေမယ့် သူတို့မှာ နားလည်းမှာ မဟုတ်ဘူး။ အဲလိုပဲ အချို့လူတွေ က ကိုယ့်ကို မှားနေတယ် လို့ ပြောပေမယ့် ကိုယ်က လက်ခံဖို့ ခက်ချင်ခက်နေလိမ့်မယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ ပြောသည့် အချက်အလက် ကို လိုက်မစဥ်းစားနိုင်လို့ပဲ။ အလင်း ကို အမှောင်ရှိပါတယ် ဆိုတာကို ရှင်းပြနေလို့ ဘယ်လို မှ နားလည်မှာ မဟုတ်ဘူး။ ဒါကြောင့် ပြောမရသည့် လူဆို လွှတ်ထားလိုက်ဖို့ ပဲရှိတော့တယ်ဆိုတာ နားလည်သွားတော့ အချို့အရာတွေ အတော်လေး စိတ်သက်သာရာ ရသွားတယ်။ အရင်တုန်းက သူဘာလို့ ဒီလိုဖြစ်ရတာလည်း ဆိုပြီး မကျေမချမ်းတွေ ဖြစ်ခဲ့ဖူးပြောပေမယ့် အခုတော့ မရှိတော့ဘူး။ Osho စာအုပ်တွေက မတူညီသည့် အမြင်တွေ အများကြီး ကို ပွင့်သွားစေတယ်။
ဘယ်သူမှ မသိသည့် သေချင်းကို ဘာလို့ သိချင်ရတာလဲ မသိဘူး။ ကြောက်လို့တာ သိချင်ကြတာ ဆိုတာ သဘောပေါက်သွားတယ်။ အချိန်တန်ရင် သိရမှာပဲ။ သေချင်းကို သိသည့် အချိန်မှာလည်း ရှင်နေသည့် လူတွေ ကို ရှင်းပြဖို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ရှင်သန်နေသည့် အချိန်မှာ ဘာလို့ သေချင်း အကြောင်းကို အလုပ်ပျက်ခံ စိတ်အညစ်ခံ ပြီး စဥ်းစားနေမှာပဲ။ ရှင်ခြင်း အချိန်တွေ နှမြောဖို့ ကောင်းလိုက်တာ ဆိုပြီး သဘောပေါက်သွားတယ်။
ဘဝ ကြီးက Linear မဟုတ်ဘူး။ စိတ်ညစ်နေရင် ရှင်သန်ခြင်း အချိန်တွေ နှမြောဖို့ ကောင်းလိုက်လေခြင်းပဲ။