အမြဲတမ်း ရှိနေသည့် ပြဿနာ က AI က developer တွေကို အစားထိုး သွားမယ်။ အနာဂတ် မှာ Developer တွေ မလိုတော့ဘူး Anthropic CEO က ပြောတာ လူတိုင်း သိမှာပါ။ ဒါပေမယ့် ဒါက အနာဂတ်ပါ။ အခု အချိန် မဟုတ်သေးဘူး။ လက်ရှိ model တွေ ကောင်းလာတယ်။ အဆင်ပြေလာတယ်။ ဒါပေမယ့် အခု အချိန် မှာ tool တစ်ခု ထက် မပိုဘူး။ ဥပမာ ဆေးရုံ website တစ်ခု ဖန်တီးတယ်။ AI က အစ အဆုံး ဆောက်ပေးတယ်။ Developer ကတော့ ဘယ်နေရာမှာ ဘယ်ပုံ သုံးမယ်။ ဘယ်လို အရောင်တွေ ထားမယ်။ ဘယ်လိုမျိုး theme သွားမယ်။ စသည့် အခြေခံ အချက်အလက်တွေကိုတော့ လူကိုယ်တိုင် ကြည့်ပေးနေရဆဲပဲ။ တနည်းပြောရင် ဒါက developer အလုပ် မဟုတ်တော့ဘူး လို့တောင် ဆိုကောင်းဆိုမယ်။ သေးငယ်သည့် project တွေ မှာ ဆိုရင် ဟုတ်ကောင်းဟုတ်ပေမယ့် ကြီးမားသည့် project , သမာရိုးကျ မဟုတ်သည့် project တွေ မှာ တော့ developer တွေ က လိုအပ်နေဆဲပဲ။ ဥပမာ ကျွန်တော် programming ဘယ်လောက် လုပ်တတ် လုပ်တတ် အခု အချိန်မှာ Unity ကို သုံးပြီး AI နဲ့ game ရေးချင်တယ် ဆို ရင် မဖြစ်နိုင်ဘူး။ basic domain knowledge မရှိသည့် အတွက် AI နဲ့ လုပ်မယ် ဆိုရင်တောင် အခြေခံ နားလည် ဖို့ အချိန် တွေ အများကြီး ပေးရတယ်။
တကယ်တော့ လက်ရှိ ရောက်နေသည့် အချိန်က code ရေးတာကို သက်သာစေပြီး စနစ် ကို ပို အာရုံ စိုက် ဖို့ ကောင်းစေသည့် အချိန်ပါ။ စနစ် တစ်ခုမှာ ဘာတွေ လိုအပ်တယ်။ ဘာတွေ ပါဝင် ရမယ် ဆိုတာက အတွေ့အကြုံ တစ်ခု လိုအပ်နေဆဲပဲ။ မဟုတ်ခဲ့ရင် security တွေ ပေါက်နေတာ။ password တွေ ကို JavaScript ထဲမှာ ထည့်ရေးထားတာတွေ စသည့် ပြဿနာ တွေက အနည်းနဲ့ အများဖြစ်လာမှာပဲ။ ဒါပေမယ့်လည်း AI က တဖြည်းဖြည်း ကောင်းမွန်လာသလို multi agent သုံးပြီး အပြန်အလှန် စစ်ဆေးပြီး ရေးသည့် အခါမှာ ပိုပြီး ကောင်းမွန်လာမယ်။ ဒါပေမယ့် ဘယ်အပိုင်းကို ဘာခိုင်း ရမလဲ ဆိုတာ AI က သိမနေဘူး။ ခိုင်းတတ်သည့် လူ တစ်ယောက် လိုတယ်။ အရင်က လူ ၅ ယောက် နဲ့ လုပ်သည့် အလုပ်ကို လူ ၃ ယောက်လောက် နဲ့ လုပ်နိုင်သွားတယ်။ ၂ နှစ် ကြာမယ့် project ကို ၁ နှစ်တည်း နဲ့ ပြီးအောင် လုပ်နိုင်လာတယ်။ စသည်ဖြင့် တိုးတက် မှု တွေ ရှိတယ်။
အဲဒီမှာ ပြဿနာက လူပိုတွေ ထွက်လာတာပဲ။ Software House နဲ့ Startup တွေ မတူညီတာက လူပိုတွေက ပိုက်ဆံ ပေးထားရတာပဲ။ ဥပမာ ဒီ project မှာ feature တွေ အကုန်ပြီး သွားပြီ ဆိုရင် နောက်ထပ် feature မထည့်ခင်မှာ ဝင်ငွေ ရှိနေဖို့ အရင် ရောင်းရမယ်။ ဒီကြားထဲမှာ feature ထက် bug fix တွေ လာမယ်။ feedback တွေ စုဆောင်းမယ်။ အရင် က လူ ၅ ယောက် အလုပ်က လူ ၃ ယောက်လောက်နဲ့ ပြီးသွားရင် ပိုနေသည့် လူ ၂ ယောက်ကိုလည်း ထပ်ခိုင်း ဖို့ လည်း မရှိဘူး။ ဒါကြောင့် ဖြုတ်တာပဲ။ Nvidia လို chip တွေ ရောင်းနေသည့်သူတွေ AI model ထုတ်သည့် company တွေကတော့ AI ကို ဘယ်လောက်ကောင်းကြောင်း အသုံးဝင်ကြောင်း ကြော်ငြာနေမှာပဲ။ ဒါက သူတို့ အလုပ်ပဲ။
US မှာ Startup မဟုတ်သည့် company တွေမှာတော့ လူတွေ ဖြုတ်ခြင်း မဖြုတ်ခြင်းက AI ထက် စာရင် revenue ပြဖို့ အဓိက ပိုများတယ်။ အရှုံးပေါ်နေတာ များရင် ဖြုတ်လိုက်မယ်။ investment တွေ ရရင် လူများများ နဲ့ လုပ်နေကြောင်း သိရအောင် အလုပ်တွေ ခန့်မယ်။ ပြီးရင် အကောင်းဆုံးတွေ ထားခဲ့ပြီး ကျန်သည့် လူတွေ ကို revenue တက်လာအောင် ပြန်ဖြုတ်မှာပဲ။ အရင်ကတည်းက ဒီလိုပဲ။ အခုနောက်ပိုင်း AI ပေါ်လာတော့ ပိုပြီး အကြောင်းပြ လို့ ကောင်းသွားတာပေါ့။
နောက်တချက်က လူ ရှာရ ခက်သည့် startup တွေမှာ AI က အများကြီး အဆင်ပြေသွားတယ်။ project တစ်ခု ကို အရင် က ထက် လူနည်းနည်း နဲ့ များများ လုပ်လာနိုင်တယ်။ တစ်လ $200 Max Plan သုံးလိုက်တာ junior တစ်ယောက်ကို ခန့်ပြီး train ပေးတာထက် အများကြီး သက်သာသွားတယ်။ ဒါကြောင့် startup တွေ က လူခေါ်တာ လျော့တယ်။
အခု အချိန်မှာ Developer အလုပ်တွေက ရှိနေဆဲပဲ။ သို့ပေမယ့် Startup တွေ မှာ လူ တွေ အများကြီး မလိုတော့သည့် အတွက် အလုပ်ရှာရတာ ပိုခက်လာတယ်။ Company ကြီးတွေ မှာ ပြိုင် ပြီး အလုပ်ရှာရတာလည်း interview အဆင့်တိုင်း က အတော်ကို ပင်ပန်းပါတယ်။
တကယ်တန်းတော့ Developer တွေက AI ကြောင့် အရင်က ထက် ပို လုပ်လာနိုင်တယ်။ Google , Stackoverflow မသုံးပဲ အလုပ်ပိုတွင်လာတယ်။ ဒါပေမယ့် creativity , security, တာဝန်ယူမှု တွေကတော့ AI က မလုပ်နိုင်ဘူး။ Developer တစ်ယောက်က ဒါတွေကို အာမခံ ပြီး လုပ်နိုင်ရမှာပဲ။
ဒါကြောင့် နောက်ပိုင်း consultant လုပ်သည့် အခါမှာလည်း အမြဲပြောဖြစ်တယ်။ AI သုံးပါ။ ဒါ့အပြင် စနစ် ကို သေချာ တည်ဆောက်ပါ။ AI သုံးဆိုပြီး ဒီအတိုင်း ပေးသုံးမယ့် အစား ရုံးတွင်းမှာ review အဆင့်တွေ Pull Request တွေ document တွေ testing process တွေ စတာ တွေကို ပိုပြီး တာဝန်ယူခိုင်းပါ။ အရင်က code ရေးနေရလို့ တာဝန် မယူနိုင်ပေမယ့် အခု နောက်ပိုင်း AI ကြောင့် ရုံး က သတ်မှတ်ထားသည့် စနစ် ကို ပို အရေးပါလာပြီ။ Pull Request မှာ ဘယ်လို information ပါရမယ်။ commit မှာ ဘယ်လို အချက်အလက် ထည့်ရမယ်။ Git branching ကို ဘယ်လို လုပ်ရမယ် ဆိုတာ တွေ ကို ဘာ အာရုံစိုက်ပါ။ ဒါဟာ တာဝန်ယူမှု တာဝန်ခံမှု နဲ့ AI က ထွက်လာသည့် ရလဒ်ကို မျက်စိမှိတ် ယုံခြင်းထက် လူသားတစ်ယောက် က ထပ်ဆင့် review လုပ်ပြီး ပိုပြီး သေချာစေတာ ကောင်းပါတယ်။
တနည်းပြောရင် ဒီ နှစ် ထဲမှာ အကြီးအကျယ် ပြောင်းလဲ ကုန်မှာပဲ။ ၃ လ တစ်ကြိမ်လောက် ပြောင်းလဲ မှု တွေကို တွေ့နေရဦးမှာပဲ။ လှိုင်းလုံးတွေက လာဦးမှာပဲ။ Developer အလုပ်တွေကလည်း ရှိနေဦးမှာပဲ။ နောက်ပိုင်းမှာ Developer တစ်ယောက် အတွက် interview ဟာ လုပ်သက်မဟုတ်တော့ဘဲ လုပ်နိုင်စွမ်းရည် ဖြစ်လာလိမ့်မယ်။ လုပ်နိုင်စွမ်းရည် ဆိုတာ ကိုယ်က ဘယ်လောက် productive ဖြစ်တယ်။ domain knowledge မှာ ဘယ်လောက် ပိုင်နိုင်တယ် ဆိုတာ အရေးပါလာမယ်။
အနှစ်ချုပ်ရရင် AI ဟာ အခုအချိန်မှာ Developer တွေကို အစားထိုး သွားမှာ မဟုတ်ဘူး။ ဒါပေမယ့် Developer တွေကို code ရေးရတာ ပိုသက်သာစေတယ်။ Developer တစ်ယောက် ရဲ့ အလုပ်လုပ်ပုံတွေက တော့ ပြောင်းလဲ လာလိမ့်မယ်။ Developer တစ်ယောက် Code ရေးခြင်းထက် Software Engineer တစ်ယောက်လို ဖြစ်လာဖို့ လိုအပ်တယ်။ System Design, Domain Knowledge နဲ့ တာဝန်ခံနိုင်မှု တွေ က ပိုပြီး အရေးပါလာလိမ့်မယ်။
