ဒီ post ဟာ negative scene အနေနဲ့ရေးထားခြင်းဖြစ်သည်။ စကားလုံးများသည် ခပ်ရင့်ရင့်ဖြစ်နေမည်။ ထို့ကြောင့် ကိုယ့်အား ဆဲနေသည်ဟု ထင်မှတ်ပါက ဆက်မဖတ်ပါနှင့်။
တစ်ခုခုလိုနေပြီဆိုရင် google ကနေပဲ ရှာနေတာလား။ အရာရာအားလုံး google မှာ ရှိတယ်လို့ ထင်နေတာလား။ ဒါဆိုရင် ခင်ဗျား အင်တာနက် သုံးတာ မကြာသေးလို့ ဖြစ်မယ်။ အဲလိုထင်နေရင်တော့ ဒီ post ကို ဆက်ဖတ်မနေနဲ့တော့ဗျာ။ အရာရာအားလုံး google ကနေ ရှာလို့ရတယ်ထင်ရင်တော့ ရှင်းရှင်းပြောမယ်။ လဲသေလိုက်တော့။ ခင်ဗျား အဖြစ်က အရမ်းသနား စရာကောင်းလို့ဗျာ။ ခင်ဗျားက developer လား။ code တစ်ခု စရေးဖို့ အရေး google ကနေ code ရှာနေတာလား။ တော်တော်အသုံးမကျတာပဲဗျာ။ google က ခင်ဗျားရဲ့ကိုယ်ပိုင် စွမ်းအားတွေကို ဖျက်စီးနေတာ။ ခင်ဗျား အရည်အချင်းတွေကို မထွက်လာအောင် လုပ်ပလိုက်တာ။ ဘာလို့ ခေါင်းမသုံးတာလဲ။ ကိုယ့်ဘာသာကိုယ်တောင် စမရေးကြည့်သေးပဲ google ပေါ်မှာ ရှာဖို့ပဲ စဉ်းစားနေတယ်။ ကိုယ့်အရည်အချင်းတွေ ကိုယ့်ဘာသာကိုယ် မေ့နေပြီ။ ခင်ဗျား အရည်အချင်းတွေ ဒီအတိုင်းဆို တစ်သက်လုံး ထွက်လာမှာမဟုတ်တော့ဘူး။ အားအားရှိ Google ပဲအားကိုးနေလို့။ ဒီအတိုင်းဆို Google တောင် မရှိရင် ခင်ဗျား အလုပ်တောင် ပြုတ်သွားမလားမသိဘူး။ ကိုယ်လည်း တကယ်တတ်တာပဲဗျာ။ ဘာလို့ ခေါင်းလေးနဲ့ အရင် မစဉ်းစားတာလဲ။ နောက်ပြီးတော့ google မှာကော လိုတာ အကုန်ရှိမယ်ထင်နေလား။ ဒါဆို Software company တွေ ဘယ်သူ့ကိုမှ ဌားပြီး ခိုင်းမနေတော့ဘူး။ ဘယ်သူ့ ဦးဏှောက်မှ ဖောက်စားမနေတော့ဘူး။ အရာရာ Google မှာ ရှာလို့ရတယ်ဆိုတဲ့ ခပ်ကြောင်ကြောင် အတွေးခေါ်ကို ထုတ်ပလိုက်စမ်းပါဗျာ။ ခင်ဗျားဟာ ဘယ်သူပဲ ဖြစ်ဖြစ် ဘာအလုပ်ပဲ လုပ်နေလုပ်နေ တစ်ခုခု လိုတိုင်း Google မှာ ရှာနေတယ်ဆိုကတည်းက ခင်ဗျားဟာ ကိုယ့်အားကိုယ်ကိုး စိတ်ပျောက်နေပြီ။ ကိုယ့်အားကိုယ်ကိုး စိတ်ပျောက်နေပြီဆိုမှတော့ လူဘယ်ပီသတော့မလဲ။
ပြဿနာအားလုံး google က မဖြေရှင်းနိုင်ဘူးဆိုတာ သိထားစမ်းပါ။ ဟောဒီ ခင်ဗျား ခေါင်းကြီးက ပြဿနာ တက်ရင် ရှင်းနိုင်တာ။ ဉာဏ်နီ ဉာဏ်နက် ဉာဏ်ပြာ ဉာဏ်ဝါ အစုံထွက်နေတဲ့ ခေါင်းကြီးကို ချောင်ထဲထိုးထားရတယ်လို့ဗျာ။ ခင်ဗျား ခေါင်းက အခုဆို ဒုတိယ ဘဝရောက်နေပြီ။ ပထမ Google ဖြစ်နေပြီ။ ခင်ဗျားက Designer ဆိုရင် Google သုံးပြီး Design တွေ ကြည့်တယ်ဆိုရင် သေချာတယ် ခင်ဗျား သူများ design တွေ ခိုးချဖို့ စဉ်းစားနေပြီ။ ကိုယ့်ဘာသာကိုယ် idea ထုတ်မယ်လို့ မစဉ်းစားပဲ အလွယ်လမ်းလိုက်ဖို့ စဉ်းစားနေပြီ။ ဒါဆို ခင်ဗျား Design ဘယ်ဟုတ်တော့မလဲ။ ခင်ဗျားဟာ သူခိုး အသေးစားဖြစ်သွားပြီ။ လူမသိ သူမသိ သူခိုး အသေးစားဖို့။ သူများ idea ကို ရှာကူးပြင် လုပ်နေတော့ ခင်ဗျားကို ကူညီတဲ့ Google က လည်း လူမိုက်အားပေးလုပ်နေတာပဲ။ ခင်ဗျား ဘဝ ခင်ဗျား အရည်အချင်းတွေကို Google က ဖျက်စီးဖို့ ကြိုးစားနေပြီဆိုတာ သတိထားအုံးဗျ။
UML design တွေ ဘယ်လို မှ Google မှာ ရှာလို့မရဘူးဆိုတာ သိထားစမ်းပါ။ System Flow တွေက ဟောဒီက ခေါင်းထဲကနေ စဉ်းစားပြီးထွက်လာတယ်။ ဒေါက်ဒေါက်ဒေါက်.. ရိုက်ပြီး Google မှာ ရှာလို့ ထွက်လာတာမဟုတ်ဘူး။ scratch ကနေ စဆွဲဖို့ ဟောဒီ ခေါင်းကြီးကနေပဲ စဉ်းစားတာပဲ။ ငါ ဒါလိုချင်တယ်။ ဒီအတိုင်းလုပ်ချင်တယ်လို့ google မှာ ရှာလိုက်လို့ တွေ့ရင်လည်း ခင်ဗျား ဘယ်တော့မှ scratch ကနေ စဆွဲတတ်တော့မှ မဟုတ်ဘူး။ အရေးကြုံရင် ခင်ဗျား ဘဝ သွားပြီပဲ။ သွားမှာပေါ့ အားအားရှိ Google ကို အားကိုးနေတာကို။
ခင်ဗျား thesis လုပ်နေတဲ့သူ ကျောင်းတက်နေတဲ့သူဆို၇င် ခင်ဗျားသိမှာပါ။ ခင်ဗျားလိုချင်တာတွေ google မှာ ရှာမတွေ့ဘူးဆိုတာ။ မငြင်းပါနဲ့ဗျာ။ ဘယ်လိုမှ google မှာ ရှာတွေ့နိုင်မှာမဟုတ်ဘူး။ ရှာတွေ့ခဲ့ရင်လည်း ခင်ဗျား Thesis က ခင်ဗျားဟာမှ မဟုတ်တာ။ သူများလုပ်ထားတာ ကူးချထားတာကြီးပဲ။ ခင်ဗျားဘာသာ ခင်ဗျား ရှက်မိလိမ့်မယ်။ ကိုယ့်လိပ်ပြာမလုံတဲ့ အလုပ်ဘာလို့ လုပ်ချင်တာလဲဗျာ။ တစ်သက်လုံး သူများမပြောရင်တောင် ကိုယ့်ကို သူများက ပြောနေမှာပေါ့။
ကျွန်တော် အများကြီး မပြောချင်ဘူးဗျာ။ ဘာလည်း ခင်ဗျားတို့က ကျွန်တော့်ကို ပြန်ပြီး ပြောအုံးမှာ။ ကိုယ့်ဘဝကို ကိုယ်ဆက်ပြီး ဖျက်စီးနေကြအုံးမှာပဲဗျာ။ ခင်ဗျားတို့ အဖြစ်က ဘာနဲ့တူလဲသိလား။ မိန်းမလိုချင်လို့ အောင်သွယ်အားကိုးနေတဲ့ဘဝ။ ကိုယ့်အားကိုယ်တောင် မကိုးပဲ အောင်သွယ်အားကိုးပြီး အောင်သွယ်နဲ့ပဲ ရတော့မယ် ဘဝ ဖြစ်နေပြီဆိုတာ သတိထားအုံး။ ကိုယ့်အရည်အချင်းတွေ စုန်းစုန်းမြုပ်နေပြီ။ ခင်ဗျားမှာ ယုံကြည်ချက်တွေ ပျောက်နေပြီ။ တစ်ခုခုလုပ်တော့မယ်ဆိုရင် Google ကနေ ရှာဖို့ စဉ်းစားနေပြီ။ ဟောဒီက ဒီလောက်ကောင်းတဲ့ ခေါင်းကြီးကို ခင်ဗျားမေ့ထားနေပြီ။ ဒါဆိုရင် လဲသေလိုက်တော့ဗျာ။ ခင်ဗျားလောက် အသုံးမကျတဲ့လူမရှိတော့ဘူး။ သဘာဝက ပေးထားတဲ့ ဟောဒီက ခေါင်းကြီးကိုမှ အသုံးမချတတ်ရင် လဲသေလိုက်ပေတော့။
(ပေါက်ကရရေးထားခြင်းဖြစ်သည်။ တချက်ရယ်လျှင် တစ်ရက် အသက်ပိုရှည်သည်။ သည်းခံဖတ်သည့်အတွက် ကျေးဇူးတင်ပါသည်။ စိတ်ထဲမထားပါနှင့်။ ပေါက်ကရ ရယ်ရအောင်သာ ရေးထားခြင်းဖြစ်သည်။ )
Leave a Reply