US မှာ အလုပ်ရှာခြင်း

Developer တစ်ယောက် နောက်ပြီး CPT နဲ့ အလုပ်ရှာတာ က တော်တော်လေး ခက်သည့် အထဲမှာ ပါတယ်။ Lay off တွေက နည်းပညာ သမား တော်တော်များများ ထိ ကြတော့ သူတို့ နဲ့ ပြိုင်ပြီး အလုပ်ရှာသည့် အခါမှာ ကိုယ့်မှာ US အတွေ့အကြုံမရှိသေးတာ ရယ် နောက်ပြီးတော့ Green Card / Citizen မဟုတ်တာ ကြောင့် ရွေးချယ်လို့ ရတာ အရမ်းနည်းတယ်။

တိုက်ရိုက် ခေါ်တာတွေ ရှိပေမယ့် လူတိုင်း တိုက်ရိုက် ခေါ်သည့် company ဆီက ရဖို့ အခွင့်အလမ်းက အတော်နည်းပါတယ်။ အများအားဖြင့် Staffing Company တွေကနေ ပဲ interview တဆင့် ဖြေရတာပဲ။ Staffing company ဆိုတာက သူတို့က အဲဒီ company မှာ လုပ်ဖို့ ကိုယ့်ကိုယ် ပြန်ပြီး အငှားချသည့် သဘောပဲ။ တနည်းပြောရင် အလုပ်သွားလုပ်သည့် အလုပ်ရှင်က company တစ်ခု လခ ပေးသည့် company က တစ်ခုပေါ့။ ကိုယ့်ရဲ့ အကျိုးခံစားခွင့်တွေက လခ ပေးသည့် company ကိုယ့်ကို ခေါ်ထားသည့် company တွေ နဲ့ ပဲ ဆိုင်တယ်။

အလုပ်ရပြီးမှ Lay off ဖြစ်တာလည်း ကြုံနိုင်တယ်။ Staffing company တော်တော်များများကတော့ Lay Off ဖြစ်သွားရင် Put On The Bench က ရှားတယ်။ တစ်ခါတည်း အလုပ်ပြုတ်သွားတာ များတယ်။ ကောင်းသည့် staffing company တွေကလည်း အလုပ်ပြန်ရှာပေးပြီး အလုပ်ရှာနေသည့် ကာလ အတွင်းမှာတော့ put on the bench လုပ်ထားပေးတယ်။ ဘာလို့လည်း ဆိုတော့ ကိုယ့်ကို ၁ လ ၂ လ အတွင်း အလုပ်ပြန် ရှာပေးနိုင်လို့ပဲ။

ကိုယ့် Resume က သူတို့ ရှာနေသည့် Skills နဲ့ ကိုက်မှ။ နောက်ပြီး interview questions တွေ ကိုယ်လည်း ဖြေနိုင်အုံးမှ။ အင်တာဗျူး က လည်း ၃ ဆင့် လောက် ဖြေရတာ ဆိုတော့ အကုန်လုံးမှာလည်း အဆင်ပြေပြေ ဖြေနိုင်ဖို့ လိုသေးတယ်။

အလုပ်ရှာသည့် အခါမှာ LinkedIn ကို ကြည့်လိုက်ရင် အလုပ်တစ်ခုကို လူ ရာ ချီ ပြီး လျှောက်ကြတာ တွေ့ရလိမ့်မယ်။ တချို့ အလုပ်တွေကလည်း ထပ်နေတာတွေ့။ Company တစ်ခုကနေ staffing ကို အပ်ထားပြီး အဲဒီ staffing က အောက်က stafffing agency အသေးလေးတွေကို အပ်ထားတာတွေလည်း ရှိတယ်။ တစ်ခါတစ်လေ အလုပ်ရသွားသည့် အခါမှာ Staffing > Staffing > Company ဆိုပြီး ၂ ဆင့်လောက် ခံနေတာတွေလည်း ရှိတတ်တယ်။ အဓိကတော့ အင်တာဗျူး မတိုင်ခင်မှာ screening call ရဖို့ တောင် မလွယ်လှဘူး။

Screening Call ရဖို့ ကိုယ့် ရဲ့ Resume က ကိုယ်နဲ့ ယှဥ်ထားသည့် လူအယောက် ၁၀၀ မှာ ပိုပြီး ထူးခြားနေဖို့ လိုတယ်။ ဒါမှမဟုတ် အသိတစ်ယောက်ယောက် ရဲ့ Referral နဲ့ သွားရင်တော့ အင်တာဗျူး တိုက်ရိုက် ရဖို့ အခွင့်အရေးရှိတယ်။

Screening Call ပြီးသွားရင် Staffing Company ရဲ့ Code Test တွေကို ဖြေရတယ်။ Code Test ကလည်း အများအားဖြင့် leet code တွေပဲ။ အများအားဖြင့် ဖြေခိုင်းတာ Dynamic Programming , Sliding Windows, Backtracking တွေ များတယ်။ အဲဒီ Code Test ပြီးသွားမှ Staffing အဆင့် အောင်သွားပြီ ဆိုရင် သူတို့က Company ကို ကိုယ့် resume တင်ပေးတယ်။ Company ကလည်း သူတို့ တင်ထားသည့် Resume ထဲမှာ သူတို့လိုချင်သည့် skill က ပါမှ company ဘက်က interview ထပ်ခေါ်တာ။ အများအားဖြင့် Staffing ဘက်က တင်ထားပေးတယ် နော်ပြီးရင် ပြန်ရောက်လာတာ တော်တော်ရှားတယ်။ စိတ်ရှည်ရှည် နဲ့ အကုန် လျှောက်နေမှပဲ ရတယ်။

အများအားဖြင့် ပြန်မလာသည့် အခါမှာ follow up လိုက်လည်း တင်ထားပေးတယ် ဆိုသည့် အဖြေပဲ ရတယ်။ Resume က အတွေ့အကြုံ ၄ နှစ် ၅ နှစ်လောက် ရှိမှ တခြား developer တွေ နဲ့ ယှဥ်လို့ရမှာ။ နောက်ပြီး interview questions တွေ ကို လည်း ကြိုလေ့ကျင့်ထားရတယ်။ Staffin company တွေ မေးတတ်သည့် မေးခွန်းတွေ က အခု ၂၀၀ ဝန်းကျင်လောက်ပဲ ရှိတယ်။ ဒါပေမယ့် တကယ် ငှားမယ့် Company တွေမေးသည့် မေးခွန်းတွေကတော့ အတော်လေးကို ရှာရခက်တယ်။

Code ကို ပြပြီး Review လုပ်ပြီး ဖြစ်သင့်တာ ပြန်ပြင်ရတာတွေ နောက်ပြီး up to date ဖြစ်သည့် language နဲ့ ဆိုင်တာတွေကို မေးသည့် အတွက်ကြောင့် နောက်ဆုံး up to date တွေကို သိထားမှ ဖြစ်မှာ။ Swift မှာ Actor အကြောင်းကို မရှင်းပြနိုင်လို့ အင်တာဗျူး မအောင်ခဲ့ဘူး။

နောက်ပြီး System Design နဲ့ သက်ဆိုင်သည့် interview level ကို ဖြေရတာ ရှိတယ်။ ဘယ်လို System Design သုံးမယ်။ ဘာလို့ သုံးတယ် ဆိုတာတွေကို ရှင်းပြရတာ။ System Design Mock interview တွေကို ကြိုကြည့်ထားပြီး လေ့ကျင့်ထားမှ ရမယ်။ သို့ပေမယ့် တစ်ခါတစ်လေ မကြားဖူးတာတွေ က ကြုံရဆဲပဲ။ တချို့ company တွေကတော့ Leet code မမေးပဲ code refactoring တွေ လုပ်ခိုင်းတာ ရှိတယ်။ Xcode မှာ မဟုတ်ပဲ လုပ်ရတာ နောက်ပြီး auto complete မပါတာကြောင့် အခက်အခဲ တွေ တော့ ရှိတယ်။

နောက်ပြီး SOLID principle, Design Pattern တွေက အမြဲပါတယ်။ Clean Architecture သုံးမယ် လို့ ပြောလိုက်ရင် စီစီပေါက်ပေါက် မေးတတ်တာ။ Clean Code အကြောင်း ပြောမိရင် တကယ် သိမသိ အသေးစိတ် တွေ မေးတတ်တာတွေ ကြုံရတယ်။ Senior Position အတွက် အလုပ်က အတော်လေးကို ရှာရ ခက်တယ်။ Mid level ကြတော့လည်း တိုးရတာ မလွယ်ဘူး။ Junior ကတော့ CPT နဲ့ ရှာဖို့ မလွယ်လှဘူး။

ဒါကြောင့် အများစု က asylum လုပ်ပြီး EAD နဲ့ အလုပ်ရှာကြတာ များတယ်။ CPT ထက်စာရင် အလုပ်ရှာရတာ ပိုလွယ်တယ်။ CPT ဆိုတာ နဲ့ ရှေ့ ဆက်ပြီး မမေးတော့တာ ခဏခဏ ပဲ။ အလုပ်ရပြီးသွားရင်လည်း မပြီးသေးဘူး။ Lay Off ကို ကြောက်ရပြန်ကော။

Lay Off က ကိုယ်တိုင် ခံစားခဲ့ရတော့ တော်တော် ဆိုးတယ်။ မနက်ဖြန် အလုပ်လာဖို့ မလိုတော့ဘူး ဆိုတာတွေက Youtube ထဲမှာ ကြည့်ရဘူးတာ လက်တွေ့မှာတော့ အတော်ကို ခံရခက်တယ်။ သင်ခန်းစာလည်း ရသွားတယ်။ US မှာ အလုပ်ရပြီ ဆိုတာနဲ့ saving ကတော့ မဖြစ်မနေ လုပ်ထားရတယ်။ အရင်ဆုံး Emergency Fund စုထားဖို့ မဖြစ်မနေလိုတယ်။ company အခြေအနေလည်း အကဲခတ် ထားရတယ်။ ဘယ်အချိန်မှာ လုပ်ဖြုတ်လိုက်မလဲ ဆိုတာ မသိနိုင်ဘူး။

အလုပ်ပြုတ်ပေမယ့် အကြွေးတွေကတော့ ဆပ်ရတာပဲ။ Credit Card သုံးတာ တော်တော် သတိထားရတယ်။ အများအားဖြင့် လကုန်ရင် လခ ရမှ အကြွေးရှင်း ဆိုတာကြောင့် တစ်ခါတစ်လေ ပိုသုံးမိသည့် အခါ ဒါမှမဟုတ် emergeny ဖြစ်လို့ ဆေးရုံတက်လိုက်ရတာတွေ ကြောင့် ပိုကုန်တာ တွေ ရှိတယ်။ အလုပ်မရှိရင်လည်း အဲဒီ အကြွေးတွေက ဆပ်မှ ဖြစ်မှာ။ မဟုတ်ရင် Credit Score ကျမယ်။ Credi Score ကျရင် အိမ်ငှား ရတာ အဆင်မပြေတော့ဘူး။

ဒါပေမယ့် အလုပ် ရှိသည့် အခါမှာ နေနိုင်စားနိုင်တယ်။ ဒါပေမယ့် ကျောင်းအကြွေး နဲ့ အိမ်ငှားခ ပေါင်းလိုက်ရင် ဘာမှ မကျန်တော့ဘူး။ တခြား လိုအပ်တာတွေ ဝယ်ဖို့ credit card ကို သုံးပြီး ကြိုသုံးထား ပြီး ဖြည်းဖြည်းချင်း အကြွေးဆပ်ရတာ တော့ လုပ်ရတာပဲ။ လူတိုင်းလူတိုင်းက သူ့ဘဝ နဲ့ သူ အခက်အခဲတွေ ရှိကြတာပဲ။ နည်းတာ နဲ့ များတာပဲ ကွာတယ်။

အခု ကြုံရသည့် အခက်အခဲတွေ ကြုံခဲ့ရသည့် အခက်အခဲတွေက ဘဝ နဲ့ အသက် ကို ရင်းပြီး လုပ်နေရသည့် သူ တွေ နဲ့ ယှဥ် ရင် ပါမွှားလေးပါ။