အလုပ်ရှာတုန်းက အင်တာဗျူး တော်တော်များများ ဖြေခဲ့ရတယ်။ US ကို မရောက်ခင်တုန်းကလည်း Thai, Singapore company တွေမှာ အင်တာဗျူးတွေ ဖြေခဲ့ရတယ်။ အဲဒီတော့ အင်တာဗျူး ရတာ မလွယ်မှန်း သိသလို အင်တာဗျူး ဖြေရတာ မလွယ်မှန်းလည်း သိတယ်။

ဘယ်နိုင်ငံမှာပဲ အင်တာဗျူး ဖြေဖြေ ကိုယ့်ထက် အသက်ငယ်သည့် developer နဲ့ တွေ့တိုင်း ပြဿနာ ဖြစ်တာပဲ။ ဒီလောက်လေး တောင် မသိဘူးလား ဆိုပြီး ပုံစံ တွေ နဲ့ ပြန်ပြန် ပြောတာ ခံရတာပဲ။ လူတိုင်းက အားသာချက် အားနည်းချက်ရှိကြတယ်။ interviewer က senior developer , team lead စတာတွေ နဲ့ ဆိုရင် အမြဲတန်း ကြုံရတယ်။ ဒါတွေ တောင် မသိပဲ ဘာလို့ အင်တာဗျူး လာ ဖြေ သလဲ​ဆိုသည့် ပုံစံ​ တွေ နဲ့ ဆက်ဆံခံ ရတာပဲ။

တကယ်တန်းတော့ တစ်ယောက် နဲ့ တစ်ယောက် အတွေ့အကြုံတွေ မတူ သလို အရည်အချင်းတွေ လည်း မတူဘူး။ လိုချင်သည့် လူ ရ ဖို့ ဆိုတာလည်း Company ဘက်က မလွယ်ဘူး။ လူအများကြီးထဲမှာ အဆင်အပြေဆုံး လူကို ရှာရတာပဲ။ ပြဿနာက developer တွေက အင်တာဗျူး ဖို့ အချိန် မပေးချင်ကြဘူး။ နောက်ပြီး ပေးလိုက်သည့် အချိန်မှာ သူ့စိတ်ကြိုက် မဟုတ်တာ ဒါမှမဟုတ် သူ နဲ့ အယူ အဆ မတူ တာ ရှိသွားရင် အလုပ်မရ ဖို့ က သေချာ သွားပြီ။ ငယ်ရွယ်သည့် technical interviewer တွေက အများအားဖြင့် emotion ကို မထိန်း နိုင် ကြသလို ငါ ဘယ်လောက် သိတယ် မင်း ကတော့ ငါ့လောက် မသိဘူး ဆိုတာတွေ ကို ပြချင်ကြတာတွေ များတယ်။

ဒါက နိုင်ငံ တိုင်းပဲ။​ ဒီနိုင်ငံမှာ အင်တာဗျူးတွေ ဖြေတော့ India developer, အသက်ငယ်သည့် developer တွေက အင်တာဗျူး ရင် သေချာပြီ မရတော့ဘူး ဆိုတာ။ ပြဿနာက သူတို့ က ဒီ language , ဒီ platform မှာ တနေ့ ကို ၈ နာရီ လောက် အချိန်ပေးပြီး လုပ်နေတာ။ အင်တာဗျူး လာဖြေသည့် ကိုယ်လိုလူ တွေက ဒီ framework, ဒီ architecture ပုံစံ​နဲ့ လုပ်လာတာ မဟုတ်ဘူး။ ဥပမာ Swift မှာ ဆိုရင် တစ်ခါမှ​ actor တို့ sendable တို့ ကို မသုံးခဲ့ဖူးဘူး။ actor ဘာလုပ်တယ် sendable ဆိုတာ ဘာ ဆိုတာ ကို သိရုံသိတယ်။ ဒါဟာ လုပ်ငန်း အတွေ့အကြုံ နဲ့ ပဲ သက်ဆိုင်တာ။ ဒါတွေ ကို မသိ ခဲ့တာ ကိုယ်လုပ်ခဲ့သည့် project မှာ သုံးဖို့ မလိုခဲ့လို့ပဲ။ ဒါတွေ မသိလို့ မသုံးလို့ ကိုယ် အသုံးမကျဘူး လို့ သတ်မှတ်လို့ မရဘူး။ ကိုယ်သိသည့် အပိုင်းတွေ သူတို့ ကို ပြန်မေးရင် သိချင်မှ သိမှာပေါ့။

interviewer တိုင်းဟာ interview လုပ်ရတာ အချိန်ကုန်တယ် လို့ သတ်မှတ်သည့် သူတွေကြီးပဲ။ ကိုယ်တိုင်လည်း အဲလို ဖြစ်ခဲ့တာပဲ။ ကိုယ့် လုပ်ငန်း အတွက် အင်တာဗျူး တုန်းက လည်း ဒီလို စိတ်တိုင်း မကျလို့ ဖြစ်ခဲ့ရတာတွေ အများကြီး။ ဒါပေမယ့် skill ထက် အခြား အရည်အချင်းတွေ ရေရှည် လက်တွဲ လုပ်နိုင်မယ့် သူတွေ ရွေးပြီး team ကို တည်ဆောက်ခဲ့တယ်။ အခုအချိန်ထိ COMQUA company က developer team အတွက် ဂုဏ်ယူ နေတုန်းပဲ။ အရမ်းကောင်းခဲ့သည့် development team။

အခု နောက်ပိုင်း ကိုယ်တိုင် အင်တာဗျူး တွေ ဖြေတော့ သဘောပေါက်ခဲ့တယ်။ လာ ဖြေ သည့် သူတွေ ကို နောက် ပိုင်း အခြား company တွေ မှာ ဖြေတာ ဖြစ်ဖြစ် ဘာကြောင့် မခန့် ဖြစ်လည်း ဆိုတာ အသေး စိတ် ပြောသင့်တယ် ဆိုတာ နားလည် လာတယ်။ မခန့် ဖြစ်သည့် အကြောင်းတွေ က အများကြီး ရှိတယ်။ ဒါပေမယ့် feed back တွေ ကောင်းကောင်း မပေးမိခဲ့ တာ တော့ နောင်တ ရမိတယ်။

အင်တာဗျူးတွေ ဖြေ မရ သည့် အခါတိုင်း စိတ်ဓာတ် တွေက ကျကျ သွားတယ်။ တကယ်တန်းက အဲဒီ လို စိတ်ဓာတ် တွေ ကျသွားတာ က interviwer တွေ နဲ့ လည်း အများကြီး ဆိုင်တယ်။ မင်း ဒါလေး တောင် မသိဘူးလား ဆိုသည့် ပုံစံ တွေက လာဖြေသည့် သူ တစ်ယောက် ကို အများကြီး စိတ်ထိခိုက် စေနိုင်တယ်။

ဒါက ကိုယ် အသုံး မကျ တာ မဟုတ် မှန်း ကိုယ့်ဘာသာ ကိုယ် သိတယ်။ ကိုယ် တိုင် ရှင်သန် ခဲ့သည့် အတွေ့ အကြုံ ဟာ ပြဿနာ ဖြေရှင်းမှု တွေ လေ့လာ အား ကောင်းမှု တွေ ရှိတယ် ဆိုတာလည်း ကိုယ့်ဘာသာ ကိုယ် သိတယ်။​ ခက်တာက interviwer တော်တော်များများက ဒါတွေကို ဂရုမစိုက်ကြဘူး။ တစ်ခုလောက် မသိလိုက်ရင် သူ့ အတွက် အချိန် တွေ ကုန်တယ် လို့ သတ်မှတ်လိုက်ကြတာပဲ။

ဒါကြောင့် နောက်ပိုင်း interview ဖြေသည့် အခါမှာ လူ တိုင်း က ငါ ဘယ်သူ ဆိုတာ ထက် ဘာတွေ လာရင် ဘယ်လိုဖြေမလဲ ပဲ လေ့ကျင့် ကျတော့တယ်။ Youtube မှာ ရှာလိုက်ရင်လည်း Tip and Trick တွေကြီးပဲ။ ငါ ဘယ်သူ ဆိုတာ ထက် ငါ ဘယ်လို Tip တွေ Trick တွေ ကို လေ့ကျင့် ပြီး အင်တာဗျူး လာဖြေ တယ် ဆိုသည့် သဘောပဲ တွေ့ရတယ်။ ခက်တာက interview လုပ်သည့် developer တွေကလည်း အဲလို မျိုးပဲ လိုချင်ကြတာကိုး။ ကိုယ်တိုင်လည်း Swift အတွက် မေးခွန်း ၂၀၀ နီး ပါး အလွတ်ကျက် ခဲ့ ပြီး ဖြေခဲ့တာပဲ။ တော်တော်များများက တကယ်လည်း မသုံးခဲ့ဖူး သလို သုံးဖို့လည်း မလိုတာတွေ။

ဒါပေမယ့်လည်း တကယ်တန်း အလုပ်ခေါ်သည့် company က Swift နဲ့ မဟုတ်ပဲ React Native နဲ့ ရေးသည့် company။ 2C2P singapore မှာ စသည့် အချိန် ပြန်ရောက်သွားသလိုပဲ။ Team တစ်ခုလုံးက 2C2P Singapore မှာ startup စသည့် အချိန် က လို ပဲ။ သေးသေး နဲ့ ကျစ်ကျစ် လစ်လစ် ရှိတယ်။ ကိုယ်တိုင်က လည်း အဲလို enviroment ကို ကြိုက်လို့ အဲဒီလို enviroment မှာပဲ အလုပ်ပြန်ရတာ ထင်တာပဲ။

အဓိကတော့ အင်တာဗျူး မအောင်တာက ကိုယ် အသုံး မကျတာ မဟုတ်ဘူး။ အဲဒီ​ company နဲ့ ကိုယ် နဲ့ မကိုက်တာ။​ နောက်ပြီး ကိုယ်တိုင် က interview tip တွေ မသိတာ။ Trick တွေ သိပ် မလုပ် တတ်လို့ ဖြစ်နိုင်တယ်။ တချို့ company က စိတ်ရင်း ထက် လည်လည် ပတ်ပတ် ရှိတာတွေ ပဲ ခန့် ဖြစ်တာ များတယ်။ ဒါကြောင့်လည်း Indian တွေ များတာ ပါတယ်။ သူတို့က လည်လည် ဝယ်ဝယ် ရှိကြတယ်။ မြန်မာတွေက တော့ ကိုယ်ပိုင် identity နဲ့ ရိုးသား တာကို ပို တန်ဖိုးထားတယ်။ ဒါကြောင့်လည်း တစ်ခါတစ်လေ အလုပ်ရဖို့ ခက်ကြတယ်။

နောက်ဆုံးတော့လည်း ဘဝ ကြီးက သင်ပေးသွားတာပဲ။ ခက်တာက အင်တာဗျူး ဖြေတိုင်းဖြေတိုင်း မင်း ဒါလေး တောင် မသိဘူးလား တစ်ယောက်ပြီး တစ်ယောက် ပြောလာသည့် အခါမှာ ကိုယ့်ဘာသာကိုယ် သံသယ ဝင် လာပြီး ဒီလောက ကို လက်လျော့မိလိုက်သည့် သူ တွေ အများကြီးပါ။ လက်လျော့ မယ့် စဥ်းစားတိုင်း ဒါ ငါနဲ့ မဆိုင်ဘူး တောင့်ခံ ထား နိုင် သူတွေ ဟာ နောက်ဆုံး အောင်မြင်မှု တစ်ခုကို ရ နိုင်မှာပါ။