ဆွေးမြေ့လွယ်သော ပျော်ရွှင်မှုများ

ပျော်ရွှင်ခြင်း ဆိုတာ သက်တမ်း တစ်ခု ရှိတယ်။ အသက်အရွယ်ပြောင်းလဲလာတာ နဲ့ ပျော်ရွှင်မှု ခံစားရတာ တွေက မတူညီတော့ဘူး။ ငယ်ငယ်က လိုချင်သည့် အရုပ်လေး တစ်ခု ဝယ်ပြီး ပျော်နေတတ်ပြီး တနေကုန် ဆော့ နေ တတ်ပေမယ့် ဒီ အသက်အရွယ်မှာ အဓိပ္ပာယ် မရှိတော့ သလိုပဲ။

နောက်ပြီး ကလေးတွေ ပျော်ရွှင်မှုလေးတွေကို မတားပဲ ဒီအတိုင်းလေး ပဲ ကြည့်နေလိုက်တော့တယ်။ သူတို့ လိုချင်တာ ရ ချင်တာ ဖြစ်ချင်တာတွေက ဒီ အသက် အရွယ်လေး မှာပဲ ရှိနေသည့် အရာ။ မြဲနေတာ မဟုတ်ဘူး။​ နောက် နှစ် ဆို​ရင် ဒီ စိတ် လေး ပျောက်သွားမှာ။ ပြန်ခံစားလို့ မရဘူးတော့ဘူး။

ကျွန်တော့် သား က ငယ်ငယ်တုန်းက ရထား တို့ မီးသတ် ကား တို့ အရမ်း ကြိုက်တာ။ မီးရထား ကို ကြည့်ဖို့ ကားရပ်ပြီး စောင့်ခဲ့ရတာ ရှိဘူးတယ်။ ရထား နှင့် ယှဥ်မောင်းပြီး မီး ရထား ကို လိုက် ကြည့်ခဲ့ဖူးတာတွေ ရှိခဲ့ဖူးတယ်။ မီးသတ်ကား မြင်ချင်လို့ မီးသတ် ရှေ့ သွားပြီး ကြည့်တာတွေ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် ဒီ အသက် အရွယ်မှာ အဲဒီ တုန်းက ရထား မြင်ရင် ပျော်ရွှင် မှုတွေ မရှိတော့ဘူး။ ပျောက်သွားပြီ။ ပြန်ရှာလို့လည်း မရတော့ဘူး။ မရှိတော့သည့် အရာ တစ်ခု ဖြစ်သွားပြီ။

ဒါကြောင့် ဒီ အချိန် မှာ ပျော်ချင်တာ ဒီ အချိန် လေး အတွက်ပဲ။ နောက်မှ လုပ်မယ်။ နောက်လုပ်လည်း ရတာပဲ ဆိုတာ တကယ်တော့ နောင် အချိန်မှာ အဲဒီ စိတ်လေး မရှိတော့ဘူး။

ငယ်ငယ်က game တွေ ဆော့ချင်ပေမယ့် မဝယ်နိုင်လို့ မဆော့ခဲ့ရဘူး။ နာမည်ကြီး game တွေ ဆော့ဖို့ computer ကောင်းကောင်းရှိဖို့ လိုတယ်။​ အိမ်က programming လုပ်ဖို့ computer တစ်ခု ဝယ်ပေးထားတာပဲ ကံကောင်းလှပြီ။ ဒါပေမယ့် AAA game တွေ ဆော့မရဘူး။

ဒါကြောင့် နောက်ပိုင်း game တွေ discount ချ တိုင်း ဝယ်ဝယ်ထားမိတယ်။ ဆော့လည်း မဆော့ဖြစ်ဘူး။ ဆော့ဖို့လည်း အချိန် မရှိဘူး။​ ငယ်ငယ်က ဆော့ချင်သည့် game တွေ နောက်ပြီး discount နဲ့ ဆို တန်တယ် ထင်ပြီး ဝယ်ထားတာတွေ။ ဒါပေမယ့် အဲဒီ တုန်းက ဆော့သလို ပျော်ရွှင်မှု တွေ အခုအချိန်မှာ မရတော့ဘူး။ ပြန်ရှာကြည့်ပေမယ့် ရှာလို့ မတွေ့တော့ဘူး။ Geforce Now ဝယ်ထားလိုက်တော့ တနေ့က ၁၅ မိနစ် အများဆုံး ၁ နာရီ လောက် တော့ ပြန်ဆော့ဖြစ်တယ်။ အဲဒီတော့မှ ဝယ်ထားသည့် game တွေ အခု ၄၀ လောက် ရှိတယ် ဆိုတာ သိတော့တယ် ။ ဒါတောင် တချို့ game တွေက geforce now မှာ ဆော့ မရတာတွေ။ ဒါတောင် တချို့ game တွေက nintendo switch အတွက်ကော PC အတွက် ကော ဝယ်ထားတာတွေ။ discount ချလို့ ဆိုပြီး ဝယ်ဝယ်ထားပြီး switch မှာ ဝယ်ထား မဝယ်ထားတောင် မမှတ်မိပဲ ဝယ်ထားမိတာတွေ ရှိတယ်။ ဒါပေမယ့် ငယ်ငယ်ကလို မဆော့ နိုင်သလို ဆော့ရင်လည်း ငယ်ငယ်တုန်းကလို မပျော်တော့ဘူး။ တစ်နေ့ ၈ နာရီ လောက် game ဘယ်လိုတွေ ဆော့ခဲ့လဲ ဆိုတာ နားမလည် နိုင်လောက်အောင်ပဲ။ အဲဒီ စိတ်လေး က အခု အသက်အရွယ်မှာ လုံးဝ ပျောက်ဆုံး သွားပြီ။

တချို့ ခံစားချက်တွေ ပျော်ရွှင်မှုတွေဟာ အချိန်ကုန် သွားရင် ပြန်ရှာမရတော့ဘူး။ ရှာလို့လည်း မတွေ့တော့ဘူး။ ပြန်လိုချင်လည်း မရနိုင်တော့ဘူး။ ပိုက်ဆံ ဘယ်လောက် ရှိရှိ အဲဒီ ပျော်ရွှင်မှု ကို ပြန်ခေါ်မရတော့ဘူး။ ဒါကြောင့် ပျော်ရွှင်မှုလေး တစ်ခု ရခဲ့ရင် အော် ငါ အခု ပျော်နေပါလား ဆိုပြီး ပိုပြီး တန်ဖိုး ထား တတ်လာတယ်။