အပြောင်းအရွှေ့ – ၂

ကျွန်တော် အပိုင်း ၁ ကိုတော့ ရေးပြီးပါပြီ။ အပိုင်း ၁ မှာတော့ အလုပ်ရတဲ့ အကြောင်း ကို ရေးပြီးပါပြီ။

အဲ.. အလုပ်လည်း ရတယ်။ ဒီဘက်ကိုလည်း အလုပ်ထွက်မယ်လို့ ပြောလိုက်ပြီ။ ကျွန်တော့် အမှားက အဲမှာ စတာပဲ။ ဒီဘက်က EP status မသိရသေးခင် အလုပ်ထွက်ဖို့ အကြောင်းပြောလိုက်တာပဲ။ ပုံမှန် အားဖြင့် တော်တော်များများက EP status သိရမှ အလုပ်ထွက်စာတင်ကြပါတယ်။ ကျွန်တော်က ဒီဘက် ကနေ EP မလျှောက်ရသေးခင် ထွက်စာတင်လိုက်တော့ စိတ်မချရတဲ့ အခြေအနေကို ရောက်သွားတာပေါ့။

ဒီဘက် company ကလည်း EP တစ်ခါမှ မတင်ဘူးဖူး။ သူတို့က ဒီဘက်က form သူတို့က online မဟုတ်ပဲနဲ့ form နဲ့ EP တင်လိုက်တယ်။ အဲဒါက ၃ ပတ်လောက် စောင့်ရတယ်။ ဒီဘက်မှာကလည်း ထွက်ဖို့ လုပ်ထားပြီးသားဆိုတော့ ၃ ပတ် ဆိုပေမယ့် သူတို့က ၁ ပတ်နောက်ကျမှ တင်လိုက်တော့ ၁ လ ဖြစ်သွားမယ်။ ဒါနဲ့ မဖြစ်သေးဘူးဆိုပြီး နောက်ဆုံး အပတ်မှာ online ကနေ တင်ဖို့ မနည်းပြောရတယ်။ သူတို့လည်း EP မလျှောက်ဘူးတော့ ခက်တာတော့ အမှန်ပဲ။ ဒါနဲ့ online ep တင်တဲ့ အချိန်မှာတော့ ဒီဘက် ရုံးကနေ ထွက်ဖို့ နောက်ထပ် ၂ ရက် လောက်ပဲ လိုတော့တယ်။ မထူးတော့ပါဘူးလေ ဆိုပြီးတော့ ဒီဘက်က ရုံးကနေ ထွက်ခဲ့လိုက်တယ်။

အဲ.. မထူးတာကနေ ထူးပါပြီဗျာ။ EP က reject ထိ ပါလေရော။ သေပြီဆရာပဲပေါ့။ ဒါနဲ့ Edencr8 က boss ကိုယ်တိုင် MOM မှာ သွားပြီး စုံစမ်းပေးတယ်။ ကျွန်တော့်ကိုလည်း education နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ အကုန်ယူလာခိုင်းလိုက်တယ်။ လိုအပ်ရင် ပြရအောင် ဆိုပြီး။ Token ယူပြီးတော့ MOM မှာ တော်တော်လေး စောင့်လိုက်ရတယ်။ အဲ.. MOM က ဘာပြောလဲဆိုတော့ Education က pass မဖြစ်ဘူးတဲ့။ ဟေ… Education က ဘာလို့ pass မဖြစ်ရတာတုန်း။ မင်းတို့ပဲ မနှစ်က အဲဒီ Education က approve လုပ်ထားပြီးတော့လေ။ ဒါနဲ့ ဘာဘွဲ့မို့လို့ pass မဖြစ်ရတာလဲဆိုတော့ သူပြောတဲ့ ဘွဲ့က ကျွန်တော် လက်ရှိ ရှိနေတဲ့ ဘွဲ့နဲ့ မတူပြန်ဘူး။ ဒါမှားနေတယ်။ အမှန်က တခြား တက္ကသိုလ် ဆိုပြီး UCSY ရဲ့ ဘွဲ့လက်မှတ်ကို ပြ။ အသင့်ပါလာတဲ့ copy ပေးပြီး appeal တင်ပေါ့။

အဲဒီမှာ MOM ကို နားမလည်တာက မနှစ်တုန်းက Document တွေ စစ်တော့ ကျွန်တော့် education ကို သူတို့ ကြည့်ပြီး စစ်ရသားနဲ့ ဒီနှစ်မှ ဘာလို့ မတူပဲ Pass မဖြစ်ရတာလဲ စဉ်းစားမရ။ သူတို့ကိုမေးတော့လည်း အင်း.. အင်း.. အဲ..အဲ.. နဲ့ သူတို့မှာ အဖြေမရှိ။ ဒါနဲ့ Boss က ထားပါ။ Appeal ပြန်တင်ပေးပါလို့ ပြောပြီး Appeal ပြန်တင်လိုက်တာပဲ။ Appeal ဖြစ်တဲ့အတွက်ကြောင့် EP status လို ၃ ရက်တည်းနဲ့ မသိ။ ၁ ပတ် ပြည့်နေပြီ။ ကိုယ်က social visit နဲ့ နေနေတာ။ အိမ်က လူတွေကလည်း စိတ်ပူနေပြီ။ ဖုန်းဆက်ပြီး မေးကြည့်တော့ Appeal case က ၃ ပတ်လောက်ကြာမယ်တဲ့။ ခက်ပြီ။ ဘာမှမတတ်နိုင်။ တတ်နိုင်တာကတော့ result ကို စောင့်ရုံပဲပေါ့။ ၁ ပတ်ကျော်ကျော်လေး ကြာတော့ Approve ရပါတယ်။ Approve ရပေမယ့် IPA letter က ထုတ်မရပြန်ဘူး။ ဒါနဲ့ ဖုန်းထပ်ဆက်တော့ စာတိုက်ကနေ ပို့ပေးမယ်။ Appeal မို့လို့တဲ့။ အင်း.. ဒါနဲ့ စာတိုက်ကနေ ပို့တာ ထပ်စောင့်ရပြန်ကော။ စာတိုက်ကနေ ပို့တာ တော်တော်နဲ့ မလာ။ ၁ ပတ်ကျော်ကျော်လောက် စောင့်လိုက်ရတယ်။ IPA letter ရမှပဲ E appointment ယူပြီး card ထုတ်လို့ရမှာလေ။ ဆေးပြန်စစ်ရမလား စစ်ဖို့မလိုဘူးလားဆိုတာကလည်း IPA letter ထဲမှာပဲ ပါတာ။ IPA letter ကလည်း မရ။ ဆေးစစ်ဖို့ကလည်း ခက်။ တခြားသူတွေကို မေးကြည့်တော့ ၂ နှစ် တစ်ခေါက် စစ်ရတာ။ ၁ နှစ်ပဲ ရှိသေးရင် မလိုဘူးဆိုလို့ နည်းနည်း စိတ်အေးရတယ်။

IPA letter ရမှပဲ လူက စိတ်အေးလက်အေး ဖြစ်တော့တယ်။ E appointment ယူပြီး EP card သွားထုတ်ရတာပဲ။ အဲ.. EP card ထုတ်ရတာကတော့လွယ်သွားပြီ။ ဘာ documentation မှ ထပ်ပြစရာမလို။ အခုသွား အခုရဆိုတော့ တော်တော်မြန်တယ်။ ကျွန်တာ်က document တွေ ပြန်စစ်အုံးမယ်ထင်ပြီး document တွေတောင် ယူသွားသေးတယ်။ ဟိုလည်း ရောက်ရော counter နံပတ်ယူ။ ပြီးတော့ ခဏစောင့်။ ၅ မိနစ်တောင် မကြာဘူး ကဒ်က ချက်ခြင်း ရပါတယ်။ ကျွန်တော့်ကို EP လျှောက်ပေးတဲ့ ကြားထဲမှာ အခြားတစ်ယောက်ကို EP လျှောက်ပေးတာ ရှိတယ်။ အဲဒီ တစ်ယောက်ကိုလည်း reject ထိတယ်။ ဒါနဲ့ ဖုန်းဆက်မေးတော့ EP လက်ရှိ ရှိနေလို့တဲ့။ cancel လုပ်ပြီးမှ လျှောက်ပါတဲ့။ တခြား company တွေက ရပါတယ်။ ဘာလို့ ဒီ company ကိုတော့ မရတာလဲမသိ။ တစ်ခါတစ်ခါတော့လည်း MOM က နားလည်ရခက်သားဗျ။

စလုံးမှာ အလုပ်လုပ်ဖို့က အလုပ်ရဖို့က ကံနဲ့ ဆိုင်သလို EP ရဖို့ကလည်း ကံလိုသေးတယ်။ အရင်တုန်းက experience ၂ နှစ်ဆိုရင် EP လျှောက်လို့ရပေမယ့် အခုက ၃ နှစ် မှ EP လျှောက်ခွင့်ပေးတော့တယ်။ ဒါကြောင့် ၂ နှစ် experience နဲ့ဆိုရင်တော့ EP approve ဖြစ်ဖို့ တော်တော်ခက်တယ်ဆိုတာလည်း သိလိုက်ရတယ်။ EP မရတော့ Spass ဆိုတော့လည်း PR or Citizen ၈ ယောက်ရှိမှ တစ်ယောက် Spass ဆိုတော့ Spass လျှောက်ပေးဖို့ကလည်း company အနေနဲ့ ခက်ပြန်ကော။ ဒါကြောင့် စလုံးကို လာပြီး အလုပ်လုပ်မယ်ဆိုရင်တော့ Experience ၃ နှစ် ရှိမှ လာစေချင်တယ်။ Company တွေကလည်း အများအားဖြင့် PR နဲ့ Citizen ရှိတဲ့ နှုန်းနဲ့ spass ပေးဖို့ နှုန်းက မကိုက်ပြန်ဘူး။ ရုံးမှာက ၅ ယောက်ပဲရှိတယ်။ သူ့ကို spass လျှောက်ပြန်တော့လည်း မရတာတွေ ရှိပြန်ကော။

Work permit reject ထိတဲ့အခါမှာ ပြန်ရဖို့ဆိုတာကလည်း company က ကိုယ်တိုင် သေသေချာချာလေး လိုက်လုပ်ပေးမှ ဖြစ်တာ။ အဲ.. ကိုယ့် အရည်အချင်းကလည်း company က လိုက်လုပ်ပေးချင်တဲ့ စိတ်ရှိဖို့လည်း လိုသေးမှာပေါ့။ ဒီနေ့ ကိုသာသာ ပြောသလို လာမယ်ဆိုရင်တော့ အဆိုးဆုံးဆိုတာ ကြုံရရင်လည်း ခံနိုင်အောင် ကြိုးစားထားဖို့လိုတယ်။ အလုပ်ရတယ်။ Pass မရဘူး ဆိုတာတွေလည်း ရှိတတ်တယ်။ MOM က သူ့ အကြောင်းပြချက်နဲ့ သူရှိပေမယ့် တစ်ခါ တစ်ခါ ဆို ခပ်ကြောင်ကြောင်တွေလည်း ရှိတတ်တယ်။ ဥပမာ။။ ကျွန်တော့် education ကိစ္စလိုပေါ့။ လူပျိုကြီးက နောက်ပြီး ပြောလိုက်သေးတယ်။ MOM မရရင်လည်း ROM (register of marriage) သွားပေါ့ ဆိုပြီး။

အလုပ်ရဖို့ဆိုတာကလည်း ကိုယ်တကယ် လုပ်ပြနိုင်ဖို့လိုတယ်။ ကိုယ် တကယ်လုပ်ထားတာတွေ ပြနိုင်ဖို့လိုတယ်။ ဒါကြောင့် CV မှာ ကိုယ် လုပ်ဖူးခဲ့တဲ့ အကြောင်းအရာတွေကို အသေးစိတ် ရေးထားသင့်တယ်။ တကယ်တန်းတော့ အများအားဖြင့် CV ကို အပေါ်က အကျဉ်းချုပ်လောက်ပဲ ဖတ်ကြတာ များပါတယ်။ အဲဒါကို စိတ်ဝင်စားမှ အသေးစိတ် ဖတ်ကြတာ။ အကျဉ်းချုပ်မှာကတည်းက ကိုယ့် experience နဲ့ ကိုယ် လုပ်နိုင်တဲ့ အကြောင်းတွေကို ပြည့်ပြည့်စုံစုံ ရေးထားဖို့လိုတယ်။

နောက်ပြီး ဘာသာစကား။ အရင် Point Star တုန်းကတော့ ဘာသာစကား ပိုင်းမှာ ပြဿနာမရှိဘူး။ မြန်မာတွေလည်း ရှိသလို India နဲ့ ဖိလစ်ပိုင် တွေများတော့ ကိုယ်ပြောတာ သူမှန်းပြီး နားသလို သူပြောတာလည်း ကိုယ်မှန်းပြီး နားလည်တယ်။ အခု company မှာက Europe က လူတွေကြီးပဲ ဆိုတော့ သူပြောတာ ကိုယ် နားလည်တာ ရှိသလို နားမလည်တာတွေလည်း ရှိတယ်။ သူတို့လည်း ဒီအတိုင်းပဲ။ နော်ဝေးက တစ်ယောက်ဆိုရင် စကားပြောတာ အရမ်းမြန်တယ်။ တချက် တချက် ဘာပြောလိုက်မှန်း မသိဘူး။ အဲ.. ပြင်သစ်က တစ်ယောက် ကျပြန်တော့လည်း စကားကို တစ်လုံးခြင်းဆီပြောတော့ သူပြောတာ ကိုယ်နားလည်ပေမယ့် ကိုယ် ပြောတာတွေကို သူ ကောင်းကောင်းနားမလည်ပြန်ဘူး။ ဒါကြောင့် ဘာသာစကားနဲ့ ပတ်သက်ပြီး လေ့လာခဲ့ဖို့လည်း လိုတယ်။

မြန်မာနိုင်ငံမှာကတော့ အင်္ဂလိပ် စာ တတ်ခဲ့တယ်ဆိုရင်တောင် တတ်ခဲ့တာပဲ ရှိတယ်။ လက်တွေ့ ပြောနေကျ နေ့စဉ် ပြောနေကျ မဟုတ်တော့ ဘာသာစကား အခက်အခဲ ဒီမှာ တွေ့နိုင်တယ်။ အထူးသဖြင့် အင်တာဗျူး တွေမှာ သူမေးတာ ကိုယ် နားမလည်တာတွေ ကိုယ်ပြောတာ သူနားမလည်တာတွေ ဖြစ်တတ်တယ်။ မြန်မာ အများစုက စ ရောက်ကာစမှာ ပြောရဲဆိုရဲ ဖို့ကို ကြောက်နေကြတယ်။ အဲဒါ အင်တာဗျူးအတွက် မကောင်းဘူးဗျ။ သူမေးသမျှကို ဒေါက်ဒေါက်ဒေါက်နဲ့ ပြန်ဖြေနိုင်ရမယ်။ ကိုယ်က သိပေမယ့် ပြောဖို့အတွက် ခေါင်းထဲမှာ စာကြောင်း စီနေရတယ်ဆိုရင်တော့ အလုပ်က သိပ်မဖြစ်ဘူးပေါ့ဗျာ။ ဒါကြောင့် လာမယ်ဆိုရင်တော့ စကားအပြောအဆိုလည်း ကျင့်ခဲ့ဖို့လိုပါတယ်ဗျာ။

11 responses to “အပြောင်းအရွှေ့ – ၂”

  1. Very easy to approve for EP pass. Why so long. Thinking…..

    1. not easy for every one … need 3 year experience … company shouldn’t have many foreigner …

  2. မြန်မာလူမျိုးတွေက အမှန်ပြောရင် တခြား နိုင်ငံခြားသားတွေထက်တောင် အင်္ဂလိပ် အသံထွက်ပိုမှန်ပါသေးတယ်။ ခက်တာက ငယ်ငယ်ကတည်းက ကျောင်းတွေမှာ စာသင်တယ်။ အဲ့စာကိုမေးတယ်။ ဖြေတယ်။ ဒါပေမယ့် အဲ့ဒါတွေအားလုံးက စာရွက်နဲ့ချည်းပဲ။ ဘယ်သူမှ ပါးစပ်နဲ့ အမေးအဖြေမလုပ်ကြဘူး။ ပြောရရင် အခု Gtalk ချက်နေကြသလိုပေါ့။ ဒါပေမယ့် တခြား ILBC လိုမျိုး Center နဲ့ယှဉ်လိုက်တော့ အဲ့ဒီမှာတက်တဲ့ကလေးတွေက အင်္ဂလိပ်စာပိုတော်တယ်လို့ထင်ကြတယ်။ တကယ်တော့ဘာမှမဟုတ်ဘူးလေ။ ပြောရဲဆိုရဲရှိတာပဲ ကွာတာ။ အဓိကက အင်္ဂလိပ်စကားပြောရမယ်ဆိုရင် မကြောက်ပဲနဲ့ ရဲရဲဝံ့ဝံ့ ထွက်ပြောရဲတဲ့ သတ္တိလေးတော့ ရှိစေချင်တယ်ဗျာ … :)

    1. Foreign Resident Avatar
      Foreign Resident

      I am pretty sure that Myanmar aren’t good in English,
      as we didn’t teach Phonetic & intonation in school.
      I can say which person is Myanmar without seeing him but listening his English.
      But, it’s nothing to be shame as every foreigner have their own accent.
      (eg. American accent & Australian accent )
      Language is just means of communication & English is not our mother tongue,
      as long as you know what he said & he knows what you said,
      it’s quite OK.

      1. yep I agree that. 65% of Myanmar think themselves as they are good enough for english and they haven’t prepared well . Some of them also say ” We are best english accent in South East Asia ! ” I think we need to touch it more and more .

  3. မပြောတော့ပါဘူးကွယ်

  4. EP တင်တာလေးတော့ ရင်ခုန်စရာ ကောင်းပေမယ့် ကိုယ်စိတ်ဝင်စားတဲ့ အလုပ် ရတာ ဝမ်းသာပါတယ်။ Congrats!

    1. thank …

  5. ဘာသာစကား ကျွမ်းကျင်မှုက တော်တော်အရေးပါတယ်…။
    အဆင်ပြေသွားတယ်ဆို ဝမ်းသာပါတယ်..။

  6. EP ဆိုလို့ application လုပ်ရင် ဘာတွေလိုပါသလဲ။ အကို့ လိုပဲ normal application နဲ့ လျှောက်တာ ၂ ပတ်ရှိပြီ ဘာမှမသိရသေးလို့ပါ။ Highest qualification copy ဆိုလို့ ဘွဲ့လက်မှတ် copy and နိုတြီ copy တော့ပေးလိုက်တယ်။ ဟုတ်မဟုတ်တော့မသိ ။ မူရင်းတွေကောပြဖို့လိုပါသလား၊ ကျေးဇူးပါ။

    1. it should ok. EP status can know within 3 days. Not too much over 2 month. Why 2 month ? appeal ?

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.