Jumping to PHP framework

အရင်တုန်းကတော့ PHP Framework အကြောင်းပြောခဲ့ဘူးတယ်။ MVC အကြောင်းလည်း ပြောခဲ့ဘူးတယ်။ အခု ကျွန်တော်တို့တွေ framework ကိုပြောင်းသုံးတော့မယ်။ ဘာပိုကောင်းတာတွေလဲဆိုတာကို သိပြီ။ ကျွန်တော်တို့framework ကိုပြောင်းသုံးသင့်မသင့် စဉ်းစားရအောင်။

ဘယ်သူတွေပြောင်းသင့်လဲ။

ပြောင်းသင့်တာကတော့ Professional PHP Web Developer တွေပဲဗျ။ ဟင် professional web developer တွေပဲလား။ basic သမားတွေက ဘာလို့ ပြောင်းလို့မရမှာလဲ။ အဲလို မေးလာရင်တော့ ပြောင်းချင်ရင် ရပါတယ်ဗျာ။ အဲလိုပြောင်းလိုက်တဲ့အခါမှာ အခြေခံပိုင်နိုင်ခြင်း မရှိသေးပဲ Framework ကိုပြောင်းလိုက်တဲ့အတွက် နောက်ပိုင်း framework ကို သဘောကျပြီး ဆက်သုံးဖြစ်လိမ့်မယ်။ အဲဒီအခါ PHP ရဲ့ code အချို့ကို မေ့ကုန်လိမ့်မယ်။ နောက်ထပ် framework ကို ပြောင်းရင် အခက်အခဲတွေ ရှိလာနိုင်တယ်။ တနည်းပြောရရင်ဗျာ.. foundation ခိုင်ဖို့လိုတယ်။ foundation မခိုင်ပဲနဲ့ အဆင့်ကျော်တက်ရင် မြန်တာပဲရှိမယ်။ တြိဂံ ပြောင်းပြန် ကြီးဖြစ်သွားလိမ့်မယ်။

အခြေခံ မပိုင်သေးပဲ ကျောင်းသားတွေ လေ့လာနေဆဲသူတွေအတွက်ကတော့ ဘယ် framework လေ့လာလေ့လာ ကိစ္စမရှိဘူးဗျ။ လုပ်ငန်းခွင်ထဲရောက်ရင် ကိုယ်တတ်ထားတဲ့ framework နဲ့ ရေးချင်မှ ရေးရမှာ။ Company မှာ သုံးတဲ့ framework နဲ့လည်းဖြစ်ချင်ဖြစ်မယ်။ Symfony လည်း ဖြစ်ချင်ဖြစ်မယ်။ CakePHP လည်းဖြစ်ချင်ဖြစ်မယ်။ ဘယ် framework သုံးတဲ့ Company မှာပဲ လုပ်မယ်ဆိုပြီး ရွေးလို့ရအောင်လည်း ကိုယ့် လုပ်သက်က ရှိမှ မရှိသေးတာပဲ။ ဒါကြောင့် framework ပြောင်းပေမယ့် ချက်ခြင်း သင်ယူလေ့လာနိုင်စွမ်းရှိဖို့ လိုတယ်။ အဲဒီအတွက် အခြေခံပိုင်မှ ဖြစ်မယ်လို့ ကျွန်တော်ပြောခဲ့တာပါ။

ကိုယ့်အရည်အသွေး ဘယ်လိုသိနိုင်မလဲ။

လွယ်ပါတယ်။ ကိုယ့်အရည်အချင်း ကိုယ်အသိဆုံးပါ။ သူများ ဆုံးဖြတ်ပေးရတဲ့အရာမှ မဟုတ်တာ။ ကိုယ့်ကိုယ်ယုံကြည်မှုရှိတယ်။ ပိုင်နိုင်မှုရှိတယ်။ ဒါတွေက ကိုယ့်ဘာသာကိုယ် သိတဲ့ အရာတွေပါ။ တကယ်လို့ ကိုယ့်အရေအသွေးကိုယ်စမ်းချင်ရင် simple blog site လေးတစ်ခု လုပ်ကြည့်။ ဘယ်လောက် ကြာမလဲပေါ့။ အများကြီးလည်း ထည့်စရာမလိုဘူးလေ။ post တင်မယ်။ post ဖျက်မယ်။ search လုပ်မယ်။ RSS ထည့်မယ်။ comment ပါမယ်။ comment ပြန်ဖျက်လို့ရမယ်။ admin panel ကနေ management လုပ်လို့ရမယ်။ ဖြစ်နိုင်ရင် ajax လေးနဲ့ဆို ပိုကောင်းတာပေါ့။ အဲဒါဆွဲတာက ကိုယ့် အရည်အသွေးပေါ်မူတည်ပြီး ၂ ရက်ကနေ ၇ ရက်လောက်ပဲ ကြာပါတယ်။ ဒါက ပုံမှန် PHP နဲ့ ဆွဲလို့ပါ။ CI နဲ့ဆိုရင်တော့ ၁ ရက်ပဲ ကြာတယ်။ ဒါက framework ရဲ့ အကျိုးကျေးဇူးတွေပေါ့။ တကယ်လို့ အဲလောက် လုပ်နိုင်သွားပြီဆိုရင် PHP Framework တစ်ခုခုကို စပြီး ရွေးချယ်ရတော့မယ်။

Framework များကို ရွေးချယ်ခြင်း

PHP framework တွေက အများကြီးပဲဗျ။ http://www.phpframeworks.com/ မှာ သွားကြည့်နိုင်တယ်။ တစ်ခုနဲ့ တစ်ခုကတော့ ဆင်ရုံပဲ ဆင်တယ်။ မတူဘူးဗျ။ ကျွန်တော် လက်ရှိသုံးနေတာက CodeIgniter နဲ့ Symfony။ Symfony က အလုပ်မှာ သုံးတာ။ CodeIgniter က ကိုယ့်ဘာသာကိုယ်ရေးတာတွေအတွက် သုံးတာ။ လက်ရှိ ornagai v2 ကိုလည်း codeIgniter နဲ့ရေးနေတယ်။ www.ornagai.com မှာတော့ အကြမ်းတင်ထားတယ်။ အဲဒါ codeigniter နဲ့ပဲပေါ့။ နောက်ပြီး http://github.com/saturngod/Simple-Blog မှာ Blog simple လေးရေးထားတာရှိတယ်။ CI လေ့လာနေတဲ့သူတွေအတွက် အသုံးဝင်မှာပါ။ jquery ကို သုံးထားတယ်။ အဲဒါက အလုပ်အင်တာဗျူးအတွက် အမြန် ၁ ရက်ထဲနဲ့ ကောက်ရေးထားတာဆိုတော့ အကောင်းကြီးမဟုတ်ဘူး။ လေ့လာရုံလောက်ပဲပေါ့။ အလုပ်ထဲမှာတော့ symfony သုံးတယ်။ အရင်က မသုံးဖူးဘူး။ Monday ရေးရမယ်ဆိုတာနဲ့ Saturday နဲ့ Sunday မှာ ဖတ်ပြီး စရေးရတော့တာပဲ။ စီနီယာကလည်း systemflow လောက်ပဲ ရှင်းပြနိုင်တယ်။ သူလည်း မအားဘူး။ ကိုယ့်ဘာသာကိုယ် စာတွေ ဖတ်ပြီး လုပ်လိုက်ရတာပဲ။ မသိတာတွေကို Google မှာ ရှာ။ ပြီးရင် ရေး။ နောက်ဆုံး ရေးလို့ မရမှ စီနီယာကို မေး။ ပြီးရင် သူပြောတဲ့အတိုင်း လုပ်ပေါ့။ သူကလည်း gtalk ထဲကနေပဲ ပြောတာ။ ကိုယ့်ဘာသာကိုယ် ဒီလိုပဲ လေ့လာရတာပဲ။ ကျွန်တော် ပြောချင်တာက အပေါ်မှာ ပြောခဲ့သလို ဘယ် framework ပဲသုံးမယ်လို့ တရားသေ သတ်မှတ်ထားလို့မရဘူးဗျ။ ကိုယ်က ပြောင်းလဲနိုင်ဖို့ အရေးကြီးတယ်။

CodeIgniter

လက်ရှိ PHP Framework တွေထဲမှာ နာမည်ကြီးတယ်။ ဒါပေမယ့် လုပ်ငန်းသုံးဆိုတာထက် private သုံးက ပိုများတယ်။ ကျောင်း project တွေ team သေးသေးလေး တွေ ဒါမှမဟုတ် ကိုယ်တစ်ယောက်တည်း ရေးတဲ့ project တွေမှာပဲ အရေးများတယ်။ အလုပ်ကို CodeIgniter နဲ့ ခေါ်တာတော့ ရှားတယ်။ အများအားဖြင့် Symfony, CakePHP, Zend တို့နဲ့ ခေါ်တယ်။ စလေ့လာကာစလူတွေအတွက် CodeIgniter က အဆင်ပြေဆုံးပဲ။ MVC သဘောတရားကို သဘောပေါက် နားလည်ဖို့ အလွယ်ဆုံးပဲ။ Symfony,CakePHP စတာတွေက apache ပြင်ရတာလေးတွေရှိတယ်။ command line ပိုင်းကနေ လုပ်ရတာလေးတွေရှိတယ်။ အဲဒီတော့ share hosting နဲ့က အဆင်မပြေပြန်ဘူး။ စလေ့လာတော့မယ်ဆိုရင်တော့ CodeIgniter က အဆင်အပြေဆုံးပဲဗျ။

Syfmony

CodeIgniter ထက် အများကြီးသာတယ်လို့ ပြောလို့ရမယ်။ သူ့ရဲ့ structure က အဆင့်မြှင့်တယ်။ ရေးရတာတွေက ပိုပြီး systematic ကျတယ်လို့ ထင်တယ်။ Database ပိုင်းကို ORD ကို သုံးထားတယ်။ အလုပ်တော်တော်များများကလည်း syfmony ကို သုံးထားတယ်။ ဒါပေမယ့် sharehosting တွေနဲ့ အဆင်မပြေဘူးဗျ။ စကာစဆို ဘယ်ကနေ ဘယ်လို စရမှန်းတောင် မသိဘူး ဖြစ်နေလိမ့်မယ်။ သူကတော့ ebook တစ်အုပ်လုံး free ပေးထားတယ်။ ကိုယ့်ဘာသာကိုယ် download ချပြီး ဖတ်ရုံပဲ။ အခက်ကြီးတော့မဟုတ်ဘူး။

ကျွန်တော်တို့တွေအနေနဲ့ framework ကို သုံးတာ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးလည်း ရှိတာပေါ့။ ဒါပေမယ့် အလုပ်မြန်မြန်ပြီးဖို့ teamwork တွေ ကောင်းလာဖို့ error နည်းလာအောင် နောက်ပြီး security ပိုင်းတွေ ပိုကောင်းလာအောင် framework တွေပြောင်းလဲ သုံးစွဲရတာပဲ။ ကဲ… framework ကို စမ်းပြီး သုံးကြည့်လိုက်ပါ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.