မနေ့က နိုင်ငံခြား ရောဂါ ဆိုပြီး ကိုမိုးစက်မှော် blog ကနေ ဖတ်လိုက်ရတယ်။ ဖတ်ကြည့်လိုက်တော့လည်း ဟုတ်နေသလိုလိုပါပဲ။ ဟုတ်နေသလိုလိုပါပဲလို့ ပြောရတာက ကျွန်တော့်ပတ်ဝန်းကျင်မှာ အဲလို ကိစ္စတွေ မကြုံဖူးလို့ပါ။ ကျွန်တော် Singapore မှာ နေတဲ့ အသိုင်းအဝိုင်းက ရုပ်ရှင်ကားထဲက စကားလုံးကို ဌားသုံးပြီးပြောရရင်တော့ ပညာတတ်အသိုင်းအဝန်းပေါ့။ တနည်းဆိုရရင် ဘွဲ့ရပြီး လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေတဲ့သူတွေ Master ဆက်တက်နေတဲ့သူတွေကြီးပါပဲ။ အင်္ဂလိပ်စာ မပြောတတ်တဲ့သူ မပါသလို ကိုယ့်အားကိုယ်ကိုးချင်စိတ် မရှိတဲ့သူတွေလည်း မပါဘူးလို့ ဆိုရမယ်။ ဒါကြောင့် ကျွန်တော် နိုင်ငံခြားရောဂါမှာ ပြောထားတာတွေ ဟုတ်သလား မဟုတ်လားတော့ သေချာမသိပါ။
ကျွန်တော် ဒီမှာနေတော့ Poly က ကလေးတွေနဲ့လည်း facebook မှာ စကားပြောဖြစ်တာလေးတွေ ရှိပါတယ်။ အဲ… အဲဒီမှာလည်း အဲလိုပဲ အကုန်လုံးက ကြိုးစားတဲ့သူတွေကိုပဲ ကျွန်တော်တွေ့နေတယ်။ iPhone SDK နဲ့ပတ်သက်ပြီး မေးတာတွေ နောက်ပြီး လေ့လာဖို့အတွက် စာဖတ်တာတွေ အမြဲလုပ်နေတဲ့သူတွေကြီးပဲ တွေ့ပါတယ်။ ကို kilo စကာင်္ပူကနေ ပြန်ခါနီးတုန်းက ထမင်းဖိတ်ကျွေးသေးတယ်။ အဲတုန်းက သူ့ တူ လေးလည်း ပါတယ်။ သူ့တူက အခု Poly second year လားမသိ။ ( နာမည်မေ့သွားတာ Sorry ပါ ညီရေ.. ) သူနဲ့ စကားပြောကြည့်တော့ ကျောင်းမှာ သင်တာတွေက သူတို့အတွက် မလုံလောက်ဘူးလို့ ထင်နေသေးတယ်။ အပြင်မှာ ကိုယ့်ဘာသာကိုယ် စာအုပ်ဖတ်လေ့လာတဲ့ အကြောင်းတွေလည်း ကြားမိတယ်။ နောက်ပြီး ကျွန်တော်သိတဲ့ Poly က မိုးစက် တို့ အောင်ရဲသူ တို့ စတဲ့ လူငယ်လေးတွေလည်း စာတကယ်ဖတ်ကြတဲ့ သူတွေပါပဲ။ ဒါကြောင့် ကျွန်တော့်ပတ်ဝန်းကျင်မှာတော့ ကိုမိုးစက်မှော်ရဲ့ အစ်မပြောသလို မတွေ့မိဘူး။ သူက ဆရာမ မို့လို့ ကျွန်တော့်ထက်ပိုပြီးတော့ အလွှာအစုံနဲ့ ထိတွေ့ဆက်ဆံရတာကြောင့် စာဖတ်မိတော့ အော်.. ဒီလိုလေးတွေ ရှိပါသလားလို့ သိလိုက်ရတယ်။
နောက်ပြီး ကျွန်တော် နားမလည်တဲ့ အချက်အချို့ရှိတယ်။ ဘယ်သူ့ကိုလဲဆိုတော့ မိဘတွေကိုပေါ့။ ငယ်ငယ်ကတည်းက ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ထားခဲ့တယ်။ သမီးမိန်းကလေးဆိုရင်တောင် အိမ်အောက် ဆင်းရင် အိမ်က အဖော်တစ်ယောက်နဲ့မှ လွှတ်တယ်။ အခွေဆိုင်သွားရင်လည်း တစ်ယောက်ထဲ မသွားခိုင်းဘူး။ အဲ.. ၁၀ တန်းအောင် သွား Poly သွားတတ်ဆိုပြီး ဒီအတိုင်း လွှတ်လိုက်လေတော့ သားသမီး ခမျာ ဘယ်သူ့ကို သွားအားကိုးမလဲ။ ငယ်ငယ်ကတည်းက အဆင်သင့်နဲ့ နေလာတာ ကိုယ့် form တောင် ဖြည့်ဖူးတာမဟုတ်တဲ့ သူတွေ ဒီလို လွှတ်လိုက်တော့ သူတို့ စိတ်ထဲမှာ ဘယ်လိုတွေ ခံစားရမလဲဆိုတာကိုလည်း မိဘတွေ သတိထားသင့်တယ်လို့ ထင်တယ်။ မိဘတွေ အနေနဲ့ကတော့ သားသမီးကို ပညာတတ်စေချင်တဲ့ စေတနာနဲ့ လွှတ်လိုက်ပေမယ့် ကိုယ့် သားသမီးကို ကိုယ်တိုင် well train မလုပ်ထားပဲနဲ့ ဒီအတိုင်း လွှတ်လိုက်တော့ ဘယ်လိုတွေ ဖြစ်လာမလဲ ဆိုတာကို စဉ်းစားသင့်တယ်။
ကျောင်းတက်တာကတော့ ဟုတ်ပါတယ်။ ကိုယ့်အဝတ်ကိုယ်လျှော်။ ကိုယ်စားတဲ့ ပန်းကန် ကိုယ်ဆေး။ ကိုယ့် ကျောင်း form တွေ ကိုယ့်ဘာသာကိုယ် ဖြည့်။ နောက်ပြီး English လိုပဲ ပြောရတဲ့ အခါမှာ သားသမီးတွေ အနေနဲ့ တော်တော်လေးကို ကြိုးစားရမယ့် ကိစ္စလို့ ကျွန်တော်ထင်တယ်။ မိဘတွေက စကာင်္ပူပို့တော့မယ်ဆိုရင် အဓိက English စာပဲ သင်တန်းတက်ခိုင်းတယ်။ IELTS ပဲ ဖြေဖို့ ကြိုးစားခိုင်းတယ်။ ဘာလို့ ကိုယ့်အားကိုယ်ကိုးဖို့ မလေ့ကျင့်ပေးလိုက်ရတာလဲ။ ဘာလို့ ကိုယ့်အားကိုယ်ကိုးပြီး စဉ်းစားတတ်ဖို့ မသင်ပေးလိုက်ရတာလဲ။ ဘာလို့ ကိုယ်တိုင်ဉာဏ်နဲ့ ဆုံးဖြတ်တတ်အောင် လုပ်တတ်ကိုင်တတ်အောင် လုပ်ပေးဖို့ မသင်ပေးကြတာလဲ။ အင်း… သင်တန်းတွေ မရှိလို့ မသင်ဖြစ်တာပဲနဲ့တူပါတယ်။
ကျွန်တော် ကောင်မလေးတစ်ယောက် တွေ့ဖူးတယ်။ ဒီမှာ Poly လာတက်တာပဲ။ မနေနိုင်လို့ ရန်ကုန် ချက်ခြင်းပြန်သွားတယ်။ ကျောင်းတောင် ၁ ရက် ၂ ရက်ပဲ တက်ရသေးတယ်။ သူ အသုံးမကျလို့ ဆိုပြီး ကျွန်တော်တော့ အပြစ်မပြောချင်ဘူး။ ငယ်ငယ်ကတည်းက အေးအေးဆေးဆေး အရာရာ အရန်သင့်နေလာတာ။ ငယ်ငယ်ကတည်းက မိဘတွေ အဖိုးတွေ အဖွားတွေနဲ့ နေလာတာ။ ရုတ်တရက်ကြီး ဘယ်သူမှ မရှိ။ ကိုယ့်အားကိုယ်ကိုး စတာတွေကို မခံစားနိုင်တာတွေကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အားငယ်တတ်တဲ့သူတွေ အနေနဲ့ မိဘ မရှိတဲ့ အခါမှာ ကိုယ့်အားကိုယ်ကိုးပြီး မနေချင်ကြဘူး။ မိဘရှိရာကိုပဲ ပြန်ချင်ကြတယ်။ နောက်ပြီး ရန်ကုန်မှာ ကျန်ခဲ့တဲ့ အပေါင်းအသင်းတွေနဲ့ နေရတဲ့ဘဝကို ခုံမင်တဲ့ သူတွေလည်း ရှိတယ်။ မိဘတွေ အနေနဲ့ သားသမီး အနာဂတ်အတွက် လွှတ်လိုက်ပေမယ့် သားသမီးတွေက အဲလို စဉ်းစားချင်မှ စဉ်းစားမိမယ်။ မင်းခိုင်းစိုးစံ ပြောသလို
” သား ကျောင်းမသွားချင်ဘူး မေမေ”
“ဘာဖြစ်လို့လဲ သားရဲ့”
“ကျောင်းမှာ က ကြီး ရေးခိုင်းအုံးမှာ။”
“ရေးလိုက်ပေါ့ သားရဲ့”
“အမေ ဘာသိလို့လဲ ကကြီးပြီးရင် ခခွေ ထပ်ရေးခိုင်းအုံးမှာဗျ”
ဆိုသလိုပဲ။ ကလေးတစ်ယောက်အတွက် က ကနေ အ အထိ က ကမ္ဘာတစ်ခုလောက် ကြာကောင်းကြာနိုင်ပါတယ်။ ဒါကြောင့် ကျောင်းမသွားခြင်းက သူတို့အနေနဲ့ စဉ်းစားရင်တော့ အမျှော်အမြင်ရှိတဲ့ လုပ်ရပ်လို့ တွေးကောင်းတွေးနိုင်ပါတယ်။
ဆက်ပါအုံးမည်….
Leave a Reply