ကျွန်တော် တစ်ခါတစ်လေ စဉ်းစားမိတယ်။ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း ဆိုတဲ့ အကြောင်းပေါ့။ အထက်တန်းကျာင်းတုန်းကလည်း သင်ခဲ့ရတယ် လေထု ညစ်ညမ်းခြင်း။ ကျွန်တော်တို့ နေ့စဉ် မီးစက်တွေ ဒီလောက်အသုံးပြုနေတာ ရန်ကုန်မြို့ကြီးကော လေထု မညစ်ညမ်းဘူးလား။ အင်တာနက်ဆိုင်တွေ များပြားလာတာနဲ့ အမျှ မီးစက်တွေ များလာတယ်။ တစ်ဆိုင်မှာ လူနှစ်ယောက်ပဲရှိတယ်။ ဒါကြောင့် မီးစက်ဖွင့်ရတာပဲ။ စုစုပေါင်း ဆိုင် ၃ ဆိုင်ဆိုရင် မီးစက် ၃ ခု ပေါ့။ တနည်းပြောရင် လူ ၆ ယောက်အတွက် မီးစက် ၃ လုံးတောင်လေ။ တကယ်တန်းတော့ အလကား ဖြုန်းတီးမှုတွေ ဖြစ်နေသလိုပဲ။ အင်တာနက်ဆိုင်တွေ များလာတာနဲ့အမျှ ငွေတွေ အချိန်တွေ ကုန်ဆုံးရတဲ့ အပြင် သဘာဝ ပတ်ဝန်ကျင် လေထု ညစ်ညမ်းမှုတွေ ပါ ဖြစ်လာတာပဲ။ အရင်တုန်းက လက်ဖက်ရည်ဆိုင်တွေ များလာတော့ ပတ်ဝန်းကျင် ပလက်ဖောင်းတွေ ညစ်ပတ်တယ်။ မြောင်းတွေထဲကို အမှိုက်တွေ အကုန် တံမြက်စည်းနဲ့ လှဲချပစ်တာလည်း မျက်မြင်ကွယ်တွေ့ပဲ။ ဒါကြောင့် ရန်ကုန်မြို့ထဲ ရေတွေကြီးနေတာပဲ။ စည်ပင်က ဘယ်လောက်ရှင်းရှင်း ညဘက်ရောက်လို့ ဆိုင်ရှင်းရင် အမှိုက်တွေက ရေမြောင်းထဲ ရောက်ရတာပဲ။ အခုလည်း အင်တာနက်ဆိုင်တွေ များလာတော့
ကောင်းတာလေးတွေ
၁။ လူတိုင်း အင်တာနက်ဆိုင်ကို အနီးအနားမှာ သုံးနိုင်တယ်။ အခုဆို ကိုယ့်အိမ်အောက်မှာ အင်တာနက်ဆိုင်ရှိနေပြီလေ ဆိုတဲ့ ခေတ်ရောက်နေပြီ။
၂။ ဆိုင်တွေများလာတော့ ရွေးချယ်ခွင့်ရလာတယ်။ မီးပျက်မီးလာ အဲကွန်းဖွင့်ပေးတဲ့ဆိုင်။ ဝန်ဆောင်မှုကောင်းတဲ့ဆိုင်။ privacy အဓိကထားတဲ့ဆိုင် စသည်ဖြင့် စိတ်ကြိုက်ရွေးချယ်နိုင်တယ်။
၃။ connection ကောင်းဖို့ ဆိုင်တွေက ၂ လိုင်း အနည်းဆုံး ချိတ်လာကြတယ်။ အဲဒီအတွက် အင်တာနက်ကို အရင်ကထက် ပိုမြန်မြန်သုံးလာနိုင်တယ်။ connection ကောင်းတဲ့ဆိုင်ပဲ သွားကြတာကိုး။
၄။ ဆိုင်တွေများလာတဲ့အတွက်ကြောင့် အင်တာနက်ဆိုင်နဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ ( ကွန်ပြူတာ ပစ္စည်းများ ၊ network သမားများ စသည် ) အလုပ်အကိုင်ကောင်းလာကြတာပေါ့။
၅။ ဈေးနှုန်းလည်း ကျသွားတယ်။ တချို့နေရာမှာ ၁ နာရီ ၂၀၀ နဲ့တောင် ရတယ်တဲ့။
အခြားကောင်းတာလေးတွေ ရှိအုံးမှာပါ
မကောင်းတာတွေကတော့
၁။ မီးစက်ကြောင့် လေထုညစ်ညမ်းတယ်။ ပတ်ဝန်းကျင် ပူလာတယ်။
၂။ ဆိုင်များလာတော့ လက်ရှိ bandwidth ထိခိုက်တော့ လိုင်းတွေ နှေးကုန်တယ်။
၃။ အပြိုင်အဆိုင်တွေများလာတော့ မကုန်သင့်တဲ့ ငွေတွေ အကုန်ခံပြီး ပြိုင်ကြရတယ်။
၄။ ပိုက်ဆံရှိတဲ့လူတိုင်း ဝင်လုပ်တဲ့ လုပ်ငန်းဖြစ်တော့ ဈေးကွက်ပျက်သွားတယ်။
၅။ air con တွေကြောင့် ပတ်ဝန်းကျင်ပူလာတယ်။
အခြားအချက်တွေရှိသေးပေမယ့် ကျွန်တော့်အနေနဲ့ လေထုညစ်ညမ်းတဲ့ အချက်ကိုတော့ သိပ်မကြိုက်ဘူးဗျ။ ငွေကုန်တာက ဘာမှမဖြစ်ဘူး။ bandwidth ကိစ္စကလည်း ရှင်းလို့ရတယ်။ လေထုညစ်ညမ်းခြင်းကတော့ ရှင်းရခက်မယ်။ အပင်တွေ နည်းသွားတယ်။ မီးစက်တွေ အရမ်းများလာတယ်။ စက်တွေက အရင်ကလို သေးသေးလေးတွေ မဟုတ်တော့ပဲ အကြီးတွေနဲ့ ချကုန်တယ်။ air con တွေ မီးစက်တွေကြောင့် အရင်ကထက် ရန်ကုန်က ပိုပူလာတယ်။ ဒါဟာ သတိထားသင့်တယ်လို့ ကျွန်တော်ထင်တယ်။ အခုဆို ညဘက်နဲ့ နေ့လည် သိသာတယ်။ အခုတလော မိုးပြန်ရွာလာတော့ သိပ်မပူတော့ဘူးဖြစ်သွားတာ။ အရင်ကဆို တော်တော်ပူတာ အဲဒါတွေကြောင့်လိုထင်တာပဲ။ ကျွန်တော်တို့တွေအနေနဲ့ ကျွန်တော်တို့ လေထုကို ဘယ်လိုပြန်လုပ်ပေးမလဲ ကမ္ဘာကြီးကို ဘယ်လိုပြန်ပြုပြင်ပေးမလဲ။ နိုင်ငံတကာမှာ ကမ္ဘာကြီး ပူနွေးလာမှုကို ကာကွယ်နေပေမယ့် ရန်ကုန်ကတော့ မြိုင်မြိုင်ဆိုင်ဆိုင် ပိုပူလာအောင် ဖန်တီးပေးနေသလိုပဲ။ ရန်ကုန်တင်မဟုတ်ပါဘူး မန်းမှာလည်း ဒီလိုပဲနေမှာပဲ။ ဒါဟာ သတိထားသင့်တယ်။ ဖြစ်နိုင်ရင် မီးအချိန်ပြည့်လာဖို့ လိုနေပြီ။ နောက်မို့ဆို ဒီအတိုင်းဆက်သွားရင် မကောင်းဘူးလို့ ကျွန်တော်ထင်တာပဲ။ ကျွန်တော် သေသေချာချာလည်း မရှင်းပြတတ်ဘူး။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တာတွေ နားမလည်ပေမယ့် နေ့လည် နေ့ခင်းတွေ အသက်ရှုရတာ အားမရတာတော့ သတိထားမိတယ်ဗျာ….
ထပ်ဖြည့်::::နောက်ပြီး မြန်မာတွေ တော်တော်များများက မေတ္တာထားပါအော်နေပေမယ့် တကယ်တော့ မေတ္တာထားတတ်သူတော်တော်ရှားတယ်… စီးပွားရေးလုပ်တာအစ မေတ္တာထားပြီး မလုပ်ပဲ သူများပျက်စီးရာပျက်စီးကြောင်းပဲတွေးတတ်ကြတာကိုတွေ့ရတယ်… သူလည်း ဝမ်းမဝ ကိုယ်လည်း မဝ အလုပ်ကို တော်တော်လုပ်ကြတယ်ဗျာ…
Leave a Reply