အပြောင်းအရွှေ့

မန်ယူမှာတော့ Rooney ပြောင်းမယ် ကိစ္စက အရမ်းကို နာမည်ကြီးသွားတယ်။ အခုတော့ မန်ယူနဲ့ ၅ နှစ် စာချုပ်သက်တမ်း ထက်တိုးလိုက်ပါပြီ။ အဲ… ပြောချင်တာ ဘောလုံးသမား အပြောင်းအရွှေ့ ကိစ္စ မဟုတ်ပါ။ စလုံးမှာ အလုပ်လုပ်ပြီး နောက်ထပ် အလုပ်ပြောင်းတဲ့ အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို အတွေ့အကြုံရအောင် ပြောမလို့ပါ။

လွန်ခဲ့တဲ့ ၁ နှစ်က စလုံးကို စရောက်ခဲ့တယ်။ စရောက်ပြီး ၃ ရက်မှာပဲ Point Star မှာ အလုပ်ရခဲ့တယ်။ PHP Developer အနေနဲ့ပါပဲ။ Point Star က အဓိက Google Apps ကို ရောင်းတာ ဖြစ်ပြီးတော့ Web Development ကိုလည်း Client တွေ လိုအပ်တဲ့အခါမှာ ရေးဆွဲပေးပါတယ်။ Google Apps ရောင်း။ ပြီးရင် websites ဆောက်ပေးပေါ့။ Website တွေ အားလုံးဟာလည်း wordpress နဲ့ အဓိက တည်ဆောက်ပါတယ်။

Point Star သူဌေးက technical ပိုင်းကို သေသေချာချာ သိတယ်။ ဘယ်ဟာအတွက် ဘာကို သုံးရမလဲဆိုတဲ့ အပိုင်းကို သိပါတယ်။ Company စတင်ကာစက website တွေကို သူကိုယ်တိုင်ပဲ ရေးခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီတော့ အလုပ်စဝင်ကာစတုန်းက wordpress ကို အဲလောက်ထိ မသိဘူး။ plugin ရေးတတ်တယ် ဆိုရုံလောက်ပဲ။ template တစ်ခုလုံး အစအဆုံးလည်း မရေးတတ်ဘူး။ plugin လည်း ကောင်းကောင်းမသိ။ ရေးတတ်တယ်ဆိုရုံလောက်ပါပဲ။ Point Star မှာ Interview သွားတုန်းက ရေးဖြေ ဖြေလည်း ပြီးရော ဘယ်တော့ အကြောင်းပြန်မှာလဲလို့ မေးလိုက်တော့ တစ်ခါတည်း အလုပ်ခန့်လိုက်ပါတယ်။ သို့ပေမယ့် Operating Manager ခရီးထွက်သွားလို့ EP တော့ အခု လျှောက်ပေးလို့မရသေးဘူးလို့ ဆိုပါတယ်။ သို့ပေမယ့်လည်း Justin ပြောလို့ Edi က နောက်အပတ်အတွင်းမှာပဲ EP လျှောက်ပေးလိုက်တယ်။ ၃ ရက်နေတော့ EP approve ရပါတယ်။

EP လျှောက်ထားဆဲမှာ အခြား Interview တွေ ရပေမယ့် မသွားဖြစ်တော့ဘူး။ အဲဒီတုန်းက Point Star က NUS ထဲမှာ ရှိပြီးတော့ ကျွန်တော် နေတဲ့ အိမ်ကနေ သွားရင် Bus ကား ၃ ဂိတ်ပဲ စီးရပြီး အရမ်းနီးပါတယ်။ အခြား company တွေက အရမ်းဝေးပါတယ်။ ဖုန်းဆက်ပြီး Interview လာခဲ့ဖို့ ခေါ်တာလည်း ရှိသလို blog မှာ comment လာရေးပြီး သူ့ ဆီကို message ပို့ဖို့ စာတွေလည်း ရှိပါတယ်။ အကုန်လုံးကိုတော့ အလုပ်ရသွားပြီ ဖြစ်ကြောင်း ချက်ခြင်း အကြောင်းပြန်လိုက်တယ်။ နောက်မှ သတိရတာက Pitch Your Talent မှာ ကျွန်တော် အလုပ်ရှာနေတယ်ဆိုတာကို ပြန်မပိတ်ထားမိလိုက်တာကြောင့်မှန်း သိပြီး ချက်ခြင်း ပိတ်လိုက်ရတယ်။ နောက်ပိုင်းတော့ မလာတော့ပါ။

Point Star မှာ လုပ်တုန်းကတော့ အလုပ်ကတော်တော် များတယ်။ Client တောင်းဆိုချက်တွေကလည်း တစ်ခါမှ မလုပ်ဘူးတာ။ WordPress ကို ကောင်းကောင်း သိတယ်ဆိုပေမယ့် template ရေးတာ plugin ရေးတာတို့က ဖတ်ဖူးတယ်ဆိုရုံလောက်ပဲ။ ဒါပေမယ့် နောက်ပိုင်းတော့ ရေးလာနိုင်တယ်။ ၈ လ ၉ လ လောက်နေတော့ wordpress ကို တော်တော်လေး သိသွားပြီလို့ ဆိုရမယ်။ ရုံးမှာက ကျွန်တော် အဓိက လုပ်ရတဲ့အပိုင်းက Linux Server Setup ,PHP , Google API, Mangento နဲ့ wordpress အပိုင်းတွေပါ။ Point Star မှာ အလုပ်လုပ် လိုက်တော့ Google API ကို ကောင်းကောင်းသိသွားတယ်။ နားလည်သွားတယ်။ Google API ကိုလည်း ဖတ်တတ်သွားတယ်။ Google API PHP Library ကိုလည်း point star အတွက် ရေးပေးဖြစ်ခဲ့သေးတယ်။

အဲဒီ Library က လက်ရှိ oAuth သုံးထားတဲ့ Google Service တွေအတွက် အဆင်ပြေပါတယ်။ နောက်ပြီးတော့ oAuth မသုံးထားတဲ့ Client Login ကိုတော့ Point Star ရောက်ပြီး ၁၀ လ ၁၁ လောက် ဝန်းကျင်လောက်မှာ ရေးဖြစ်တယ်။ Point Star မှာ အလုပ်လုပ်ဖြစ်တော့ Web Service , Web API တွေ ကောင်းကောင်းသိသွားသလို ရေးလည်း ရေးတတ်သွားတယ်။ နောက်ပြီး WordPress နဲ့ ပတ်သက်ပြီး အကုန်နီးပါး သိသွားတယ်လို့ ဆိုရပါမယ်။ WordPress 3.0 ထွက်တော့လည်း Boss က လေ့လာခိုင်းတာနဲ့ လေ့လာဖြစ်ပြီး နောက်ဆုံး WordPress project မှာ wordpress 3.0 ရဲ့ custom post type ကို အသုံးပြုခဲ့ပါတယ်။

Point Star မှာ အလုပ်လုပ်နေတုန်းမှာ Edencr8 က director က သူနဲ့ စကားပြောဖို့အတွက် email ပို့ပါတယ်။ ကျွန်တော့် email ကတော့ ကျွန်တော့် english blog က contact ကနေ ပို့လိုက်တာပါ။ သူတို့ company က iPhone Developer ရှာနေတဲ့ အကြောင်းပါ။ စိတ်ဝင်စားရင် စကားပြောဖို့အတွက် email ပို့လာပါတယ်။ email ပို့ပြီး သွားတွေ့တဲ့အထိတော့ ဒီအတိုင်း သွားတွေ့လိုက်တာပဲ။ သွားတွေ့တဲ့အချိန်မှာ သူဌေးနဲ့ စကားပြောလိုက်တော့ အလုပ်လုပ်ဖို့ စိတ်ဝင်စားသွားတယ် ဆိုတာ အမှန်ပါပဲ။

သူတို့ လုပ်ချင်တဲ့ အကြောင်းတွေ ပြောတယ်။ နောက်ပြီး ကျွန်တော် ဘယ်လောက်ပဲ တတ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောတယ်။ သူက တတ်တာ မတတ်တာက လေ့လာရင် ရတယ်။ creative ဖြစ်ပြီး စိတ်ဝင်စားမှုက သင်ပေးလို့ မရဘူး။ နောက်ပြီးတော့ လက်ရှိ Web Development လုပ်နေပြီး iPhone app ကို ကိုယ့်ဘာသာကိုယ် App store မှာ တင်ထားတာကို သဘောကျတယ်။ ဒီလိုနဲ့ စကားတွေ တော်တော်များများပြောပြီးတော့ exam လေး တစ်ခု ဖြေခိုင်းပါတယ်။ ၂ နာရီ မေးခွန်းပါ။ မေးခွန်းတွေက အရမ်းမခက်ပါဘူး။ မေးခွန်းဖြေတဲ့ အခါမှ ကျွန်တော့်ကိုယ် ကျွန်တော် သိလိုက်တာက English စာ အားနည်းနေသေးတယ်ဆိုတာပဲ။ တချို့ မေးခွန်းတွေ နားလည်မှုတွေ လွဲပြီး အဖြေတွေ လွဲပြီး ထွက်ကုန်တယ်။ သူတို့နဲ့ တွေ့ပြီး သူတို့ ပြန်ရှင်းပြတဲ့အခါမှ အော် … မေးထားတာက ဒီလို ဆိုပြီး သဘောပေါက်ပါတယ်။

Edencr8 ( Eden create ) က director ကို ကျွန်တော် မေးကြည့်တယ်။ ဘယ်လို ကျွန်တော့်ကို တွေ့တာလဲပေါ့။ Twitter မှာ အလုပ်ရှာနေတဲ့အကြောင်းကို twitt လိုက်တော့ တစ်ယောက်က မင်း နာမည်နဲ့ recommend လုပ်တယ်။ အဲဒီတော့ မင်း blog ကို သွားကြည့်ပြီး iPhone app လုပ်ထားတာကို တွေ့ပြီး သဘောကျလို့ လို့ ဆိုပါတယ်။ နောက်ပြီး iPad ပါ ဝယ်ထားတာကို တွေ့တဲ့အတွက် Apple ကို ရူးသွပ်တဲ့အတွက် သဘောကျတာလည်း ပါတယ်လို့ ဆိုပါတယ်။ လခ ကတော့ Point Star မှာ လုပ်တဲ့ လခ ထက် သိပ်မများပါ။ လခ အများကြီးလည်း မတိုးပါ။ သို့ပေမယ့် iPhone App Development ဆိုတာကို စိတ်ဝင်စားတာနဲ့ သူတို့ ကမ်းလှမ်းတာကို လက်ခံလိုက်တယ်။

Point Star boss, Justin နဲ့ Operation Manager , Michelle ကို email ပို့ပြီး အလုပ်ထွက်တော့မယ့် အကြောင်းပြောလိုက်ပါတယ်။ ကျွန်တော် Point Star မှာ လုပ်တာ ၁၁ လ ရှိတဲ့ အချိန်ပေါ့။ Point Star မှာ တစ်ရုံးလုံး ၁ လ notice period ပေမယ့် ကျွန်တော်က ၂ လ ဖြစ်နေပါတယ်။ ဘာလို့လည်းတော့ မသိပါ။ EP သက်တမ်းတိုးဖို့ကလည်း ၁ လ ကျော်လေးပဲ ကျန်တော့ပါတယ်။ ဒါကြောင့် ၂ လ notice period က ၁ လ notice period ပဲ ကျန်တော့တယ်။ ဒါကြောင့်လည်း ဟိုဘက် company ကို ပြောင်းဖို့ အဆင်ပြေသွားတာပေါ့။

Justin နဲ့ Michelle က ကျွန်တော့်ကို ခေါ်တွေ့ပါတယ်။ ဘာလို့ အလုပ်ထွက်မှာလဲ မေးတော့ iPhone Application Development အတွက် ကျွန်တော့်ကို လာခေါ်လို့ပါ။ ကျွန်တော် အလုပ်မရှာပေမယ့် သူတို့ twitter ကနေ တဆင့် ကျွန်တော့်ကို သိပြီး သူတို့ဆီမှာ လာလုပ်ဖို့အတွက် ပြောလို့ ကျွန်တော်လည်း စိတ်ဝင်စားလို့ပါ လို့ ဖြေလိုက်တယ်။ အံဩစရာပဲ။ Justin ကော Michelle က ဝမ်းသာအားရနဲ့ ကောင်းတာပေါ့။ ပြောင်းသင့်တယ် ဆိုပြီး ပြောပါတယ်။ တဆင့် ထပ်တက်သွားတာ ဂုဏ်ယူပါတယ်ဆိုပြီး ပြောပါတယ်။ ၁ လ တော့ ဒီမှာ ဆက်လုပ်ဖို့ အကြောင်းကို ဆိုပါတယ်။ ၁ လ ပြီးမှ ဟိုဘက်ကို ပြောင်းပေါ့။ ကျန်တဲ့ ခွင့်ရက်တွေကို ပြန်တွက်ပြီး ပိုက်ဆံ ပေးမယ် ဆိုတဲ့အတွက် Point Star ကနေ ပြောင်းမယ့် ကိစ္စကတော့ ချောချောမောမော ပြီးသွားတယ်။ Justin ကော Michelle ကိုကော ကျေးဇူးတင်ပါတယ်။ ဘာမှ မရစ်သလို ဟိုဟာ လုပ်ပေး အုံး။ ဒီဟာ လုပ်ပေးအုံးလည်း မပြောပါ။ ဝမ်းသာ အားရနဲ့ ဒီ ၁ နှစ်အတွင်းမှာ သူတို့နဲ့ အတူတူ အလုပ်လုပ်ပေးခဲ့တာ ကျေးဇူးတင်ကြောင်းနဲ့ ကျွန်တော် လုပ်ချင်တဲ့ iPhone Developer လည်း လုပ်ခွင့်ရတဲ့အတွက် ဝမ်းသာကြောင်းပြောပါတယ်။ iPhone Development လုပ်ချင်တဲ့အကြောင်းကိုတော့ Justin ကို ကျွန်တော် ခဏခဏ ပြောခဲ့ဘူးပါတယ်။ ဒါပေမယ့် Point Star မှာ iPhone Development အတွက် ဈေးကွက်မရှိသေးဘူး ဖြစ်နေတယ်။ ဒါကြောင့် သူတို့အနေနဲ့ ကျွန်တော် လုပ်ချင်တဲ့ အလုပ်ကို လုပ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်လို့ ဆိုပါတယ်။

ကျွန်တော် ထွက်ခါနီးမှာ ကျွန်တော့် နှုတ်ဆက်ပွဲအတွက်ကော Point Star Family အတွက်ကော ဘာ ပွဲလုပ်ချင်လဲ မေးတော့ တစ်ရုံးလုံးက Paintball လို့ ဆိုတာနဲ့ Paintball ပစ်တဲ့ အစီအစဉ် ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ paint ball မပစ်ဖြစ်ပဲ Airsoft ပစ်တဲ့ အကြောင်းကိုတော့ ပြောပြီးပါပြီ။ ကျွန်တော် အလုပ်ကံကောင်းတယ်လို့ ဆိုရပါမယ်။ Pointstar မှာ ညအိပ်ပြီး အလုပ်လုပ်ခဲ့တဲ့ ရက်တွေ ရှိသလို အရမ်းပျော်ခဲ့တဲ့ ရက်တွေလည်း အများကြီးပါပဲ။ နောက်ပြီးတော့ Project Manager နဲ့ မတည့်ခဲ့တဲ့ ရက်တွေလည်း ရှိခဲ့ပါသေးတယ်။ မြန်မာတွေလည်း ရှိတော့ Project Manager အကြောင်း အတင်းပြောခဲ့တာတွေလည်း ခဏခဏပါပဲ။ သေချာတာကတော့ Point Star မှာ ကျွန်တော် ပျော်ခဲ့ပါတယ်။ Point Star သူဌေး Justin ကိုလည်း ကျေးဇူးတင်ပါတယ်။

Point Star Family

ဆက်ပါအုံးမည်…

8 responses to “အပြောင်းအရွှေ့”

  1. စိတ်ဝင်စားစရာပါဘဲ ။ ငါဘာလို့ အဲသလိုမတော်ပါလိမ့်လို့အားမလိုအားမရဖြစ်မိတယ်။ ငါ အလုပ်ပြောငးရင်ဘာဖြစ်လို့ အရင်ဘော့စ်ကို မပြောရဲသလိုဖြစ်နေမိတာလဲ စဉ်းစားမရဘူး။
    ဘယ်သူမှ မရေးတဲ့ကွန်မက်ကိုလည်းရေးမိလို့အားနာသလိုလိုဖြစ်မိပါကြောင်း.။

    1. အမှန်တိုင်းပြောရင် အလုပ်ထွက်စာ တင်လို့ သူဌေး ခေါ်တွေ့တုန်းက ဘာတွေပြောတော့မလဲမသိဘူးဆိုပြီး တွေးကြောက်တာပဲဗျ။ သူတို့နဲ့ တွေ့ပြီး အေးဆေး စကားပြောလိုက်တော့လည်း ပြီးသွားတာပဲ။

  2. {ကျွန်တော် အလုပ်ကံကောင်းတယ်လို့ ဆိုရပါမယ်။ } ကောင်းပါတရ် ဗျာ
    အဆင်ပြေပါစေ ။
    {naitar}

  3. ခွိ … သူများတွေမှာ အလုပ်တွေတောင်ပြောင်းကုန်ကြပီ ..
    နာတို့များ 109/110 ပဲ .. :P

  4. အဆင်ပြေကို ဘာလို့များ အစဉ်ပြေလို့ ရေးကြလဲဆိုတာ စဉ်စားဖို့ ဘယ်လိုမှ ဉာဏ်မမီဘူး။ :(

    1. ကျေးဇူးပါ… ကျွန်တော် ပြန်ပြင်လိုက်ပြီ။

  5. […] အပိုင်း ၁ ကိုတော့ ရေးပြီးပါပြီ။ အပိုင်း ၁ […]

  6. တတ်တာ မတတ်တာက လေ့လာရင် ရတယ်။ creative ဖြစ်ပြီး စိတ်ဝင်စားမှုက သင်ပေးလို့ မရဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.