Blog ရေးလာတာ ၁၁ နှစ်တောင် ရှိခဲ့ပြီ။ နှစ်တိုင်းလည်း ကျွန်တော် blog စရေးဖြစ်ခဲ့သည့် အကြောင်းလေးတွေ ရေးတတ်တယ်။ အခုအချိန်မှာ blog ဆိုတာ facebook ပေါ်က post တစ်ခုလောက်တောင် လူတွေ မသိကျသည့် အချိန်ပါ။ သို့ပေမယ့် facebook post တွေထက် ကျွန်တော့် blog posts တွေကို ပိုတန်ဖိုးထားတယ်။
ဒီ ၁၁ နှစ်ကာလအတွင်းမှာ ကျွန်တော် ဘာတွေ လုပ်ခဲ့တယ် ဘာတွေကို စိတ်ဝင်စားခဲ့တယ်။ ဘာတွေကို လေ့လာခဲ့တယ် ဆိုတာတွေ အကုန်လုံးဟာ ကျွန်တော့် blog ပေါ်မှာ ရှိနေတယ်။ တစ်ခြားလူတွေ အတွက်တော့ သိပ်ပြီး အသုံးမဝင်လှပေမယ့် ကျွန်တော့် ဘဝ သမိုင်းကြောင်းကတော့ ကျွန်တော် ရေးသားခဲ့သည့် post တွေက နေ မြင်နိုင်တယ်။ လူတွေ ဖတ်သည် ဖြစ်စေ မဖတ်သည် ဖြစ်စေ ပုံမှန်လေးတော့ ရေး ဖြစ်နိုင်အောင် ကြိုးစားရမယ်။ ကျွန်တော် ရေးသည့် posts တွေဟာ ကျွန်တော့် ဘဝ အစိတ်အပိုင်းလေးတွေပဲ။
လူဟာ တဖြည်းဖြည်းကြီးလာတာနှင့် အမျှ စဉ်းစားတာတွေ ကွာလာတယ်။ ဘဝမှာ တွေ့ကြုံရတာတွေ များလာသည့် အမျှ တွေးခေါ်မှုတွေ ပြောင်းလဲလာတယ်။ ငယ်စဉ်ကဘဝမှာ ဘယ်လိုစဉ်းစားခဲ့တယ်။ ဘယ်လို တွေးတောခဲ့သလဲ ဆိုတာကို ၁၁ နှစ်တာကာလ အရေးအသားမှာ တွေ့နိုင်တယ်။ ဒီ ၁၁ နှစ်တာ ကာလ ဖြတ်သန်းမှုဟာ အခု အချိန် ကျွန်တော့် ဖြစ်တည်မှုပါပဲ။
blog ကို ကျောင်းသား ဘဝက စခဲ့တယ်။ ကျောင်းအကြောင်းတွေ ရေးတယ်။ ပညာမာနတွေ ကို တွေ့ရတယ်။ ဒေါသတွေ မရင့်ကျက်မှုတွေ ကို တွေ့ရတယ်။ တဖြည်းဖြည်း အချိန်ကြာလာတာနှင့် အမျှ အရေးအသားတွေ အစ ပြောင်းလဲလာတယ်။ လွန်ခဲ့သည့် ၁၁ နှစ်က အရေးအသားတွေ ဖတ်လိုက်တိုင်း အခုအချိန်မှာ ကိုယ်နဲ့ မတူသည့် လူငယ် တစ်ယောက် ၊ ကိုယ်သဘောကျမိသည့် လူငယ်တစ်ယောက်ကို မြင်မိတယ်။ ဒီ အရသာတွေဟာ ကျွန်တော် blog ကို ရေးဖို့ အတွက် တွန်းအားတွေပါပဲ။
ဟိုးအရင်ကတော့ ဘာဖြစ်ဖြစ် ရေးတယ်။ အခုကတော့ ရေးသင့်တယ်။ ရေးချင်တယ်။ ကိုယ်လည်း နောင် အချိန် အသုံးဝင်မယ်။ ဖတ်သည့် သူတွေလည်း အသုံးဝင်မယ် ဆိုတာတွေပဲ တင်တော့တယ်။ blog ကို စခဲ့တုန်းကတော့ ကိုယ်ခံစားချက်တွေ ဖွင့်စရာ နေရာဖြစ်ခဲ့ဖူးတယ်။ အခုအချိန်မှာ post အဟောင်းတွေ ဖတ်ပြီး ပြုံးမိတယ်။ အင်တာနက်ဖိုး FEC $32 ကျလို့ အကြွေးဆပ်ရအုံးမယ်ဆိုပြီး post အစ တွေ့မိတယ်။ ကျောင်းသားဘဝက FEC $32 ဆိုတာ မနည်းသည့် ပိုက်ဆံပါပဲ။ အခုလည်း USD $32 ဆိုတာ မနည်းပေမယ့် အင်တာနက်ဖိုးက အဲဒီထက် မက ကုန်နေတာ အမှန်ပဲ။
အခုအချိန်မှာ ကိုယ်ပိုင် မိသားစု ရယ် startup တစ်ခုရယ် နဲ့ လုံးပန်းနေတာကြောင့် လုပ်ချင်တာတွေတောင် မလုပ်နိုင်ဘူး။ စာအုပ်ထုတ်မယ်ဆိုပြီး လေ့ကျင့်ခန်း အဖြေတွေ ဖြည့်ဖို့ ကျန်သေးတယ်။ ၂၀၁၈ ထဲမှာတော့ ထုတ်ဖြစ်အောင် ထုတ်ပါအုံးမယ်။ blog မှာ စာရေးလာတာ ၁၁ နှစ်လည်း ပြည့်ပြီ ။ programming basic စာအုပ်လေးတော့ ထုတ်နိုင်အောင် ကြိုးစားပါမယ်။
တစ်ချိန်က ဟိုတစ်စ ဒီတစ် အတွေးတွေထဲက နယ်ရုပ် ဆိုသည့် post လေးကိုတော့ အခုထက် ထိ သဘောကျနေဆဲပဲ
ငါ့ဘဝက နယ်ရုပ်…
ရှေ့တန်းထွက်တိုက်နေတဲ့ နယ်ရုပ်…
တိုက်ပွဲမှာ အသက်ပေးရဲတဲ့ နယ်ရုပ်….
ပွဲနိုင်ဖို့အတွက် အသက်ပေး…
ချကျွေးခံရလည်း ပြုံးပြုံးလေးနဲ့…
နယ်ရုပ်…
တာထွက်တာ နှစ်ကွက်…
နောက်တော့ တစ်ကွက်..
ဘာအရည်အချင်းမှ မရှိတဲ့ နယ်ရုပ်…
အများက သတ်မှတ် သုံးမရတဲ့ နယ်ရုပ်…
ရန်သူ့ရှေ့ခြင်း တွေ့တောင် မလှုပ်ရှားနိုင်တဲ့ နယ်ရုပ်…
နောက်ပြန်ဆုတ်ခွင့်မရှိတဲ့ နယ်ရုပ်…
ဘဝမှာ ရှေ့တိုးဖို့ပဲ ရှိတဲ့ နယ်ရုပ်…
စားမယ်ဆိုရင်တောင် တစ်စောင်းပဲ စားခွင့်ရတဲ့နယ်ရုပ်…
ငါ့ဘဝမှာ ငါက မင်းသား…
ငါ့ဘဝမှာ ငါက မင်းသမီး….
ငါလည်း ရထားဖြစ်နိုင်တယ်..
ငါလည်း မြင်းဖြစ်နိုင်တယ်..
ငါလည်း ဘုန်းကြီးဖြစ်နိုင်တယ်…
ဟဟ…
ငါဟာအကြီးဆုံး မိဖုရားတောင် ဖြစ်နိုင်တဲ့ နယ်ရုပ်…
ရန်သူ့နောက်တန်း ထိုးဖောက်ဝင်ရုပ်..
ဘဝပြောင်းဖို့ ရည်မှန်းချက်နဲ့ ရှေ့ဆက်…
ငါဟာ နယ်ရုပ်…
နောက်တန်းက ဘုရင့် အမှုတော် ရဲရဲ ဝင့်ဝင့်ထမ်းရွက်…
ဘုရင့်အနား ကာကွယ်ခွင့်တောင်မရတဲ့ နယ်ရုပ်…
နယ်ရုပ်တွေက အများကြီး…
ဒါပေမယ့် ငါကမင်းသား…
ငါက မင်းသမီး…
ငါ့ဘဝပြောင်းမယ် ယုံကြည်…
ရှေ့တန်းကို ထွက်ကာ တိုက်မယ်…
အသက်ပေးကာ ပေးဆပ်လိုက်မယ်..
မသေရင်တော့ ဘဝရအောင် ပြောင်းပလိုက်မယ်…
နောက်တချိန် ငါမိဖုရား…
မင်းတို့အားလုံးထက် သာစေရမယ်…
တစ်ပွဲလုံး အနိုင်သိမ်းမယ်…
တဖက်ဘုရင် ငါ့လက်အောက်….
ကျဆုံးစေမယ်…
မင်းတို့တွေ စောင့်ကြည့်ထား…
Leave a Reply