ဒီနေ့ Pointstar ရုံးက လူတွေနဲ့ အတူတူ airsoft သွားပစ်ဖြစ်တယ်။ အစကတော့ Paint Ball သွားပစ်မလို့ပါပဲ။ Paint Ball က airsoft ထက်စာရင် ကျည်ဆန်ထိရင် နာလိမ့်မယ်ဆိုပြီး Airsoft သွားပစ်ဖြစ်တယ်။ Turf City ကိုသွားဖို့အတွက် Clementi Bus Interchange ကနေ  Shuttle Bus စီးရပါတယ်။ သွားရတာ သိပ်မကြာပါဘူး။ ၁၅ မိနစ် လား ၂၀ မိနစ်လား မသိဘူး။ အဲလောက်ပဲ ကြာပါတယ်။ ပြီးတာနဲ့ ပစ်ကွင်းကို သွားကြတာပဲ။ နေကလည်း ပူ။ ကွင်းကလည်း ရှာမတွေ့နဲ့ နီးနီးလေးကို အဝေးကြီး ပတ်သွားလိုက်ရတယ်။

ဟိုရောက်တော့ လူစုံအောင် အရင်စောင့်ရတယ်။ ကြည့်ရတာ Turf City ကတော့ အရင်တုန်းက မြင်းပြိုင်ကွင်းနဲ့ တူပါတယ်။ အိမ်သာထဲမှာတော့ အရင်တုန်းက မြင်းပြိုင်ကွင်းလုပ်တုန်းက ပုံတွေနဲ့ မြင်းတွေပုံ ဓာတ်ပုံတွေ အလှ ချိတ်ထားတာတွေ့တယ်။ မြင်းပြိုင်ပွဲ ကြည့်ဖို့ စင်လည်း ရှိတယ်။

လူက အယောက်၂၀ ရှိတော့ အဖွဲ့ ၄ ဖွဲ့ ခွဲဆော့ပါတယ်။ ကွင်းကတော့ အကြီးကြီး မဟုတ်ပါဘူး။ သူတို့က မဆော့ခင် အရင်ဆုံး စည်းကမ်းတွေ စပြောပါတယ်။

target ၂ ခုကို အရင်လဲအောင် ပစ်ရမယ်။ ပြီးရင် ပုံးကြီးကို သယ်ပြီးတော့ ကိုယ့် အိမ်ဆီ အရောက်သယ်ရမယ်။ လမ်းမှာ ကျည်ထိသွားရင် ထိတဲ့ နေရာမှာ ပုံးကို ချ။ ပုံးအဖြူကို လာထိပြီး အသက်ပြန်စားရမယ်။ အသက်ပြန်စားတယ်ဆိုတာက ကျည်ဆန်မှန်သွားရင် လက်ထောင်ပြီးတော့ ထောင်ထားတဲ့ ပုံးအဖြူကို လက်နဲ့ သွားပုတ်ရမယ်။ ပြီးတော့ cover ချက်ခြင်း ပြန်ယူပေါ့။ နောက်ပြီး အလယ်က စည်းက မကျော်ရဘူး။ တစ်ယောက်နဲ့ တစ်ယောက် ၅ meter အကွာကနေ ပစ်ခွင့်မရှိဘူး။ ဘာလို့လည်းဆိုတော့ အရမ်း နာပါလိမ့်မယ်။ 5 meter ထက်ကျော်ရင်တော့ သိပ်မနာလှဘူး။ ခြင်ကိုက်သလောက်ပဲ နာလိမ့်မယ်။  ခေါင်းစွပ် မျက်မှန်ကို ချွတ်ခွင့်မရှိဘူး။ ကျွတ်သွားရင် လက်တစ်ဖက်က မျက်စိကာပြီးတော့ ကျန်လက်တစ်ဖက်ကို မြောက်ထားပြီး သူတို့ရှိတဲ့ အဖြူရောင် ပုံး အနောက်ကို လာခဲ့ဖို့ ပြောပါပါတယ်။ လက်ထောင်ထားတဲ့ လူကို ပစ်ခွင့်မရှိဘူး။ ပျော်ဖို့ ကစားတာ ဖြစ်တဲ့အတွက် စည်းကမ်းရှိပါ။ ကျည်ဆန် ထိရင် ကိုယ့်ဘာသာ ကိုယ် လာပြီး ပုံးအဖြူကို လာထိပါ။ တကယ်လို့ မထိပဲ နိုင်သွားရင်လည်း ကျွန်တော်တို့အနောက်မှာ ရှိနေတဲ့အတွက်ကြောင့် ကျည်ဆန် ထိမထိ သိနိုင်ပါတယ်။ အဲဒီ အခါ အနိုင်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ပြီးတော့ သေနတ်ပစ်နည်း ပြပါတယ်။

၄ ဖွဲ့ခွဲပြီးတော့ ၁ ခေါက်ကို ၂ ပွဲပြိုင်ရတယ်။ ပွဲမစခင်မှာ ထုံးစံအတိုင်း ဝတ်စုံတွေ ဝတ်ရတာပေါ့။

ပြီးတော့ သေနတ် အစမ်းပစ်ကြည့်ရတယ်။ သေနတ်က ကျွန်တော်တို့ ငယ်ငယ်က ကစားတဲ့ လေသေနတ်တွေပါ။ ကျည်ဆန်က ကော်လုံး ကျည်ဆန်တွေလေ။ ကျည်ဆန်က တော်တော်နာတယ်ဗျ။ နာမှာပေါ့ဗျာ။ အခုမျ သိတယ်။ ငယ်ငယ်တုန်းက 5 meter အကွာတောင် မရှိတဲ့နေရာကနေ ပစ်တာကို။ အရမ်း အန္တရာယ်များလိုက်တဲ့ ဖြစ်ခြင်း။ မျက်စိထိရှိ ကန်းပြီပဲ။ အဲလိုမျိုး သေနတ်တွေကို ကျောင်းမှာ ရောင်းပြီး ကလေးတွေ ဝယ်ခွင့်ပေးထားတာ တော်တော် အန္တရာယ်များမှန်း အခုမှ သိတယ်။ ကစားစရာဆိုပေမယ့် အခုလို အကာအကွယ်အပြည့်နဲ့ ကစားရတာ ကစားစရာကို ဘာအကာအကွယ်မှ မပါပဲ ငယ်ငယ်တုန်းက ပစ်ခဲ့တာ တွေးမိပြီး ကြောက်တောင် ကြောက်မိတယ်။

ကွင်းကတော့ မကျယ်ပေမယ့် ဟိုဘက်နဲ့ ဒီဘက်ပြေးရတာတော့ တော်တော်ဟိုက်တယ်။ ပထမဆုံးပွဲမှာ ဘာမှ မဖြစ်ပေမယ့် ဒုတိယ ပွဲရောက်တော့ ပန်းလာရော။ ပထမပွဲမှာ target ၂ ခု လုံးလဲပြီး barrier ကို သယ်တော့ ကိုယ်က ခံပစ်ပေးတယ်။ သူထိသွားတော့ ကိုယ်က ဆက်တယ်။ ကိုယ် ထိသွားတော့ barrier ကို ချပြီး အသက်ပြန်စား။ ပြီးတော့ သူ့ကို ပြန်ခံပစ်ပေး ဆိုတော့ အဆင်ပြေတယ်။

ဒုတိယ ပွဲလည်း ရောက်ရော ပထမဆုံးက strategy အတိုင်း ကျွန်တော်တို့ ယောကျ်ားလေး ၂ ယောက်က barrier ရှိတဲ့ ဘက်ကိုသွား။ မိန်းကလေး ၃ ယောက်က ဒီဘက်က target ကို ပစ်ဖို့ တာဝန်ယူပေါ့။ ကျွန်တော်တို့တွေ barrier မသယ်ခင်မှာ ဒီဘက် barrier ဘက်မှာရှိတဲ့ target ကိုလဲအောင် ပစ်ရသေးတယ်။ ကျည်ဆန်တွေက ပလူပံနေတာပဲ။ ထိလိုက်ရင် မနာပေမယ့် အသက်ပြန်စားဖို့ ပြေးရတာနဲ့ ပြီးရင် ပြန် cover မြန်မြန်ယူရတာ တော်တော် ပန်းတယ်။ ဒုတိယပွဲမှာ တစ်ယောက် ကျည်ဆန် ကုန်သွားတယ်။ ဒီဘက် target ကို ကျွန်တော် တစ်ယောက်တည်း ပစ်ရပြီ။ တချက်ခြင်းဆီ သေချာ ချိန်ပစ်ပေမယ့် လေတိုက်ရင် ကျည်ဆန်က လွဲလွဲသွားတယ်။ ဟိုတစ်ယောက်ကိုတော့ barrier သယ်ဖို့ အသင့်ပြင်ခိုင်းထားရတယ်။ target ထိသွားပြီဆိုတာနဲ့ ဟိုဘက်ကို လှမ်းအော်ရတယ်။ ဟိုဘက်ကလည်း target လာပြီဆိုတာနဲ့ သူသယ်။ ကိုယ်က cover လုပ်ပြီး ခံပစ်ပေးပေါ့။ ဒီလိုနဲ့ ဒုတိယပွဲလည်း နိုင်သွားပါလေရော။ ၂ – ဝ ဖြစ်တဲ့အတွက်ကြောင့် ပွဲက ပြီးသွားတယ်။

အဲဒီ အချိန်မှာ လူက တော်တော် ဟိုက်နေပြီ။ Cola တွေ သောက်လည်း အငတ်မပြေ။ ရေသောက်လည်း အငတ်မပြေနဲ့ တော်တော် အခြေအနေ ဆိုးနေပြီ။ တော်တော်လေး နားလိုက်ရတယ်။ မကြာပါဘူး။ နောက်တစ်ပွဲတဲ့။ A – B မှာ နိုင်တဲ့ အဖွဲ့နဲ့ B-C မှာ နိုင်တဲ့ အဖွဲ့ တွေ့တာပဲ။ နားလို့တောင် အားမရသေးဘူး။ ပြေးပေရအုံးမပေါ့။

ဒီတစ်ခေါက်ပွဲမှာ ကျွန်တော်ကတော့ ဟိုက်နေပြီ။ အခြားလူတွေကတော့ အေးဆေးပဲဗျ။ လူက တော်တော်ပျော့တာလဲ ပါတယ်။ ခြေထောက်က တော်တော်နာနေပြီ။ ဟိုပြေး ဒီပြေးလုပ်ရတာကြောင့် ဒူးကလည်း နာနေပြီ။ ဒီတစ်ခေါက်ပွဲမှာလည်း ထုံးစံအတိုင်း ယောကျ်ားလေး ၂ ယောက်က ရှေ့ဆုံးပြေးပဲ။ ကျွန်တော် target ကို ပစ်တယ်။ ဘယ်လို ပစ်ပစ် မထိဘူး။ ထိရင်လည်း မလဲဘူး။ နောက်မှ သိတယ်။ ပစ်တဲ့ နေရာက ဝေးနေတော့ အားပေါ့နေတယ်။ လေကလည်း တိုက်တာလည်း ပါမှာပေါ့။ ကျွန်တော်ကော သူကော ပစ်တာမှာ မထိတော့ barrier သယ်လို့ မရဘူးပေါ့။ ဒါနဲ့ ရှုံးသွားပါလေရော။

နောက်တစ်ပွဲတော့ နိုင်အောင် ဆော့မယ်ဆိုပြီး ပြင်တာပဲ။ ခက်တာက ပွဲစကတည်းက ကျည်ထိတာပဲ။ cover ယူပြီး ငုံနေရတယ်။ target နဲ့ အရမ်းဝေးတော့ ဘယ်လို ပစ်ပစ် မထိဘူး။ ရှေ့တက်မယ် ကြံတိုင်း ထိတာပဲ။ နောက် ရှေ့တက်လို့လည်းရကော ကျည်ကုန်ပါလေကော။ ထုံးစံအတိုင်း barrier ကို သယ်ဖို့ ပြင်ထားရတာပဲ။ ဒီတစ်ခေါက်တော့ နောက်တစ်ယောက်က target ကို မှန်အောင် ပစ်နိုင်သွားတယ်။ နေရာယူမှန်တာလည်း ပါတယ်။ ဟိုဘက်ကလည်း target ထိတယ်ဆိုတော့ တစ်ခါတည်း ကျွန်တော် ပြေးရတာပဲ။ မောတာမောနေတာ အဲဒီအချိန်ရောက်တော့ အသားကုန်ပြေးရတာပဲ။ ကြားမှာ ကျည်ဆန် ထိသေးတယ်နဲ့တူတယ်။ ဒါနဲ့ နောက်တစ်ယောက်က သယ်ပြေးပဲ။ ကျည်မရှိတော့ ကျွန်တော်က ဟန်ပြပြီး အသံပဲ ထွက်တဲ့ သေနတ်နဲ့ ကာပြီး ပစ်ရတာပေါ့။ ဒီလိုနဲ့နိုင်သွားတာပဲ။

အဲ… နိုင်သွားလို့ သရေကျနေတယ်ဆိုပြီး နောက်တစ်ပွဲ ဆက်ဆော့ရတယ်။ target က တစ်ခုပဲ။ လက်ရှိ လူတွေက ကျည်ကုန်နေပြီ။ ဒီပွဲက အကွက်က အဓိက ဖြစ်သွားပြီ။ ကျည်မရှိတဲ့ ကျွန်တော်က သယ်ဖို့ တာဝန်ယူရမယ်။ ကျည်ရှိတဲ့ ၃ ယောက်က တစ်ယောက် target ထိအောင်ပစ်ရမယ်။ ကျန် ၂ ယောက်က ကိုယ့် target မထိအောင် ကာကွယ်မယ်။ barrier သယ်လာရင် cover ပြန်လုပ်ပေးမယ်ဆိုပြီး ပစ်ကြတာပဲ။ ဒီပွဲမှာတော့ barrier သယ်ပြီး အသားကုန်ပေးရတာပဲ။ အကုန်လုံး ကျွန်တော့်ကို cover လုပ်ပေးထားတဲ့အတွက် နိုင်သွားတယ်လို့ ဆိုရမယ်။ ပွဲလည်း ပြီးရော ဘာမှ မလုပ်နိုင်အောင် မောပါလေရောဗျာ။

ဘာပဲပြောပြော အတွေ့အကြုံသစ်ရသွားတယ်။ ကိုယ့် အမော သိပ်မခံနိုင်ဘူးဆိုတာလည်း သိသွားတယ်။ နောက်ဆိုရင် လေ့ကျင့်ခန်း ပုံမှန် လုပ်ရမယ်လို့ စဉ်းစားမိသွားတယ်။ နောက်ပြီး စစ်ဖြစ်တာဆိုတာ မကောင်းမှန်းလည်း သိသွားတယ်။ စစ်မြေပြင်မှာဆိုရင်တော့ တကယ်သေမှာ။ အခုတောင် ကျည်မထိအောင် ဝတ်နေရတယ်။ ကျည်ဆံတွေက ပလူပျံနေတာပဲ။ ဒီလောက် ကာထားတဲ့ ကြားမှ အပေါက် သေးသေးလေးထဲဝင်ပြီး နားရွက် လာမှန်တာရှိသေးတယ်။ လည်ပင်းမှန်တာလည်း ရှိပါ့။ ခေါင်းကို လာထိ တာလည်း ရှိတယ်။ အခြား နေရာတွေက မနာပေမယ့် လည်ပင်းနဲ့ ခေါင်းကတော့ တော်တော်နာတယ်။ အသက်တောင် ပြန်မစားနိုင်ပဲ နာလို့ အရင် ပွတ်နေရသေးတယ်ဗျာ။

cover တစ်ခုနဲ့ တစ်ခု ယူပြီး ပြေးရတာလည်း မလွယ်ဘူး။ သေနတ်ကလေးတာကြောင့် ထင်တိုင်းမပြေးနိုင်ဘူး။ barrier တဖက် သေနတ်တစ်ဖက်နဲ့ဆိုရင် မပြေးနိုင်တော့ဘူး။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ teamwork ရအောင် ဆော့ချင်တယ်ဆိုရင်လည်း တော်တော်ကောင်းတဲ့ game လို့ ဆိုလို့ရပါတယ်။ တစ်ယောက်ကိုတော့ S$35 ပေးရတယ်ထင်တယ်။ ဒီတစ်ခေါက်က boss ပေးတာဆိုတော့ ဘယ်လောက်ပေးရမှန်း မသိလိုက်ဘူး။ တစ်ခေါက်ကစားရင် ၂ ပွဲကစားခွင့်ရှိပါတယ်။ ဘာပဲပြောပြော ဒီ weekend တော့ အတွေ့အကြုံ သစ်တစ်ခု ရသွားပြီပေါ့ဗျာ။


5 responses to “Airsoft”

  1. ကိုကိုဒီဘီ Avatar
    ကိုကိုဒီဘီ

    အဲသာမျိုး ဆော့ကြည့်ချင်နေတာဗျ။ တစ်ခါလောက် ကျုပ်တို့လူတွေစုပြီး သွားဆော့ရအောင်။ ဒါနဲ့ ရေးသွားတဲ့ အထဲမှာ ဘယ်၍ဘယ်မျှ ပေးရတယ် မပြောပါလား။

    1. မသိဘူးဗျ။ အကုန် Boss sponsor ဆိုတော့ :D http://www.airsoft.com.sg/Frontline_Airsft/Home.html မှာ ဆော့တာ။ S$35 per player လို့တော့ ပြောထားတယ်။

  2. မိုက်တယ်ကွာ…
    ရန်ကုန်က သုဝဏ္ဏကွင်းမှာ အဲ့လိုမျိုးလုပ်ခိုင်းရမှာ .. :P
    ရောက်ရင်တော့ တစ်ခေါက်လောက် ဆော့ဖြစ်အောင်ဆော့ရမယ်… ကိုယ့်လူတွေချည်းပဲဆို ပိုပျော်ဖို့ကောင်းမှာနော်.. တခြားသူတွေနဲ့ဆို အားနာစရာတွေဖြစ်ကုန်အုံးမှာ .. ဟီးး

  3. မိုက်သဗျ။ ဒါပေမယ့် ဘန်းကျော်မှာဆိုရင် ရန်ဖြစ်မှာပဲ။ ဘာမဟုတ်တဲ့ ဘောလုံးကန်တာတောင် ရန်ဖြစ်နေတာကြတာဆိုတော့ :P ဒီလိုအသားနာတဲ့ကိစ္စဆိုရင် :P

  4. […] ကျွန်တော်တို့ paint ball မပစ်ဖြစ်ပဲ Airsoft ပစ်တဲ့ […]

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.