တခြား မြန်မာတွေတော့ မသိဘူး။ ကျွန်တော်ကတော့ ကိုယ့်မြန်မာကို ကိုယ်စိတ်ကုန်နေတာ အမှန်ပဲ။ မြန်မာပြည်ကိုလည်း စိတ်ကုန်တယ်။ မြန်မာတွေကိုလည်း စိတ်ကုန်တယ်။ ဒါပေမယ့်လည်း မခွဲရက်ဘူး။ အခုထက်ထိ ကိုယ့်မြေကို မခွဲရက်သေးဘူး။ စလုံးက အဒေါ်က လာခဲ့လို့ခေါ်တော့လည်း မသွားချင်ဘူး။ တကယ်ကိုမသွားချင်တာ။ သူငယ်ချင်းတွေက သွားဖို့ ပြောတော့လည်း မသွားချင်ဘူး။ နိုင်ငံခြားထွက်ဖို့ ကိစ္စကို ကြားတိုင်း ကျောင်းက ဂျုနီယာ တစ်ယောက်ပြောတာကို သတိရမိတယ်။ အစ်ကိုနဲ့ နေရာချင်းသာ လဲလိုက်ချင်တယ်တဲ့။ အခုချိန်ထိ ကိုယ့်နိုင်ငံကနေ ထွက်ပြီး တခြားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ စိတ်မကူးဘူး။ တိုင်းပြည်ကိုတော့ ချစ်ပါတယ်။ ဒါပေမယ့်လည်း စိတ်ကုန်တယ်။ လူမျိုးကိုတော့ ချစ်ပါတယ်။ ဒါပေမယ့်လည်း "အော်.. မြန်မာပဲလေ…" ဆိုပြီး ဖြေသိမ့်ရတာပဲ။ တခြားလူတွေကို မပြောပါဘူး။ ကိုယ့်ကိုယ်တောင် စိတ်ကုန်တယ်။ သူများတွေအပေါ်မှာ ခွင့်လွှတ်တတ်ပေမယ့် တစ်ခါတစ်လေ ဘာမဟုတ်တဲ့ ကိစ္စလေးအတွက် အိမ်နဲ့ စကားများမိတဲ့ ကိုယ့်ကိုလည်း နောင်တရတယ်။ တော်တဲ့ မြန်မာတွေရှိတယ်။ ကြိုးစားတဲ့ မြန်မာတွေရှိတယ်။ ထက်မြက်တဲ့ မြန်မာတွေရှိပါတယ်။ သူတို့ကိုလေးစားပါတယ်။
ငယ်ငယ်က သင်ခဲ့ရတဲ့ ညီအစ်ကိုတွေကို အဖေကြီးက ထင်းစည်းချိုးခိုင်းတာကို သတိရတယ်ဗျာ။ မြန်မာက အဲဒီက ပုံပြင်လို တစ်စုစည်းထဲ ထည့်ထားတဲ့ ထင်းစည်းကြီးပါ။ လွယ်လွယ်နဲ့ မကြိုးဘူး။ အဲ… ထင်းစည်းကြီးမို့ တစ်ချောင်းထဲရှိတဲ့ ထင်းချောင်းလေးထက် ပိုပြီး မီးလောင်အားကောင်းတယ်။ ထင်းစည်းတော့ ထင်းစည်းပါ။ ခက်တာက မီးလောင်နေတဲ့ ထင်းစည်းကြီးဖြစ်နေတယ်။ သူများ မချိုးခင် လောင်စာကောင်းတော့ လောင်ပြီဟေ့ ဆိုတာနဲ့ အကုန်လောင်ကုန်တဲ့ ထင်းစည်းကြီးပါဗျာ။
Leave a Reply