ဝါသနာ

အခုတလော COE အကြောင်းဆွေးနွေးတာကို ပုံမှန်မဟုတ်ရင်တောင် တော်တော်များများ ဖတ်ဖြစ်ပါတယ်။ တော်တာ်လေးကိုလည်း ဆွေးနွေးတာတွေ ကို သဘောကျတယ်။ သို့ပေမယ့် အချို့ ဆွေးနွေးချက်တွေက သွေဖယ်ပြီ အခြား အကြောင်းတွေ ရောက်တာလေးတွေလည်း တွေ့ရတယ်။ ဒါကတော့ ဖြစ်တတ်တဲ့ သဘောပါပဲ။ ကျွန်တော် ဘာကို သွားတွေ့သလဲ ဆိုတော့ တကယ်မလုပ်လို့ တကယ်မရတာ မတတ်နိုင်ဘူး။ ကျောင်းပြီးတော့ အလုပ်မရပဲ ယောင်ချာချာ ဖြစ်နေရတာတွေ အကြောင်းလေးတွေလည်း တွေ့လိုက်ရတယ်။ တကယ်တော့ တချို့တွေရဲ့ ဘဝက ရွေးချယ်စရာ မရှိလို့ပါ။ ဆေးကျောင်းတက်မယ်ဆိုပြီး ငယ်ငယ်ကတည်းက ရည်မှန်းထားပြီးတော့ ၁၀ တန်းမှာ အမှတ်လည်း ကပ်ပြီး ကျန်ခဲ့ရတာတွေ ယောက်ျားလေးထက် အမှတ်များပြီး မိန်းကလေးဖြစ်လို့ ကိုယ့် ၁၀ တန်း အမှတ်က ဝင်ခွင့် မရခဲ့တာတွေ ကြောင့် ကွန်ပျူတာ တက္ကသိုလ်ကို ရောက်လာတာတွေ အများကြီးပါ။ တကယ်တန်းတော့ ၁၀ တန်း အမှတ်ဆိုတာကြီးက ဘဝ တစ်ခုလုံးကို ဆုံးဖြတ်လိုက်သလို ဖြစ်သွားတာကတော့ သိပ်သဘောမကျလှဘူး။ ကျွန်တော် ၁၀ တန်းတုန်းက ဆေးကျောင်းမှ ဆေးကျောင်းဆိုပြီး စာအရမ်းကြိုးစားတဲ့ မိန်းကလေးတွေ တွေ့ဖူးတယ်။ သို့ပေမယ့် စာမေးပွဲ ဖြေတဲ့ အချိန်မှ ဖျားပြီး ထင်သလောက် အမှတ်မကောင်းလို့ ဆေးကျောင်း မဝင်ခဲ့ရတာတွေ ရှိခဲ့တယ်။ ၁၀တန်းကတည်း အမြဲတန်း ကိုယ့်ဘာသာကိုယ် ပြန်မေးနေကျ စကား တစ်ခွန်းရှိတယ်။ ဘာလို့ ဘဝကြီး တစ်ခုလုံးက ဒီ ၁၀ တန်း အမှတ်ကို မှီခိုနေရတာလဲ ဆိုတာကိုပေါ့။ ဆေးကျောင်း ဒီနှစ် မဝင်လို့ နောက်တစ်နှစ် ဝင်ခွင့်ပြန်ဖြေခွင့်မရှိဘူးလား။ ဒါမှမဟုတ် အမှတ်လေး နည်းနည်း နည်းသွားတဲ့ အတွက် အခြားကျောင်း ရွေးခွင့်မရှိဘူးလား ပေါ့။ COE ပေါ်လာတာကတော့ တော်တော်ကောင်းတယ်။ COE အမှတ် မှီအောင် ကြိုးစားမှာပဲ။ အကြောင်းကြောင့် COE မခွင့်ခဲ့ရင်တော့ ပုံမှန် UCSx ကို တက်ဖို့ အခွင့်အလမ်းရှိလာလိမ့်မယ်။ Computer ကို စိတ်ဝင်စားတဲ့ သူတွေအတွက် တော်တော်လေးကို အဆင်ပြေပါတယ်။ ဆေးကျောင်းကကော ဘာလို့ ဒီလို မရှိတာလဲမသိဘူး။ ၁၀ တန်းတုန်းက သူငယ်ချင်း အချို့ ဆေးကျောင်းတက်ချင်ရဲ့နဲ့ မတက်ခဲ့ရပဲ UFL တို့ အခြား စိတ်မဝင်စားတဲ့ ကျောင်းတွေ တက်တာ ကို အားမလို အားမရဖြစ်ခဲ့တယ်။

ဒီလိုနဲ့ စိတ်မဝင်စားပဲ ရောက်လာခဲ့တဲ့ သူတွေ computer ရောက်တော့လည်း စာတကယ်ကျက်တဲ့ အတွက် စာတော်ပါတယ်။ သို့ပေမယ့် programming ဆိုတာက ကျက်စာ ဆိုတာထက် သချာင်္လိုမျိုး ကိုယ်တိုင်တွက်ပြီး သိရတဲ့ ဘာသာရပ်။ အလွန်ကျက်ပြီး နားလည်သဘောပေါက်အောင် ကြည့်ထားရုံနဲ့ မရဘူး။ ဝါသနာ မပါရင် သင်တန်းတွေ ဘယ်လောက်တက်တက် မထူးလာပါဘူး။ programming မှာ ဝါသနာဆိုတာကလည်း language ပေါ်မှာ မူတည်သေးတယ်။ Basic level C++ ကို တော့ မဖြစ်မနေ သိထားသင့်တာတော့ အမှန်ပါ။ ကျွန်တော်ဆိုရင် java ရဲ့ logic နဲ့ structure ထက် python ကို ပိုသဘောကျတယ်။ သူများတွေ coffeescript ကို ကောင်းတယ်လို့ပြောပေမယ့် ကျွန်တော် javascript ပဲ ကြိုက်တယ်။ ဒါကြောင့် programming မှာ ဝါသနာပါတဲ့ language ကိုလည်း ကိုယ့်ဘာသာကိုယ် ရှာဖွေဖို့ အချိန်ပေးရပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းအတွက် Java သို့မဟုတ် .NET ကိုသာ ရွေးချယ်ကြတယ်။ programming ကိုလည်း ဝါသနာ မပါ ကိုယ် သဘောကျတဲ့ langauge နဲ့ platform ကိုလည်း ရွေးချယ်ဖို့လိုတာလည်း မသိတဲ့ အတွက် တဖြည်းဖြည်း စိတ်ဓာတ်ကျစရာတွေ ဆက်တိုက် ဖြစ်တတ်ပါတယ်။ ကျောင်းပြီး ပြန်တော့လည်း ကျောင်းမှာ computer ပိုင်းကို ဝါသနာ ပါတဲ့သူတွေက အလုပ်အကိုင်တွေ လွယ်လွယ်ရသူက ရ ။ ဒါမှမဟုတ် နိုင်ငံခြားမှာ အလုပ်တွေ ရ။ တချို့ တွေက နိုင်ငံခြားမှာ သွားပြီး Master ထက်တက်။ ကိုယ်ကတော့ တို့လို့ တန်းလန်းကြီး ဖြစ်ပြီး computer နဲ့ အလုပ်လုပ်ရတာလည်း ဝါသနာက မပါ။ .NET သို့မဟုတ် java တစ်ခုတည်း ကိုပဲ မကြိုက်ပေမယ့် ကျောင်းတုန်းက မတတ်လို့ ဆိုပြီး သင်တန်းတွေ တက်နေရင်း အချိန်တွေက ကုန်။ အလုပ်ရပေမယ့်လည်း အလုပ်ထဲမှာ အခြားသူတွေ လောက် မထူးချွန်ဘူး။ တနည်းပြောရင် စိတ်ဓာတ်ကျစရာတွေ ဖြစ်လာတယ်။

တကယ်တန်းတော့ ဆေးကျောင်းတစ်ခုတည်းမှ ကိုယ့် ဝါသနာ မဟုတ်ပါဘူး။ ဆေးကျောင်းတက်ရင်း အဆိုတော်လုပ်နေတဲ့သူတွေ စာရေးဆရာလုပ်နေတဲ့သူတွေ မြန်မာနိုင်ငံမှာ တွေ့နိုင်ပါတယ်။ တနည်းပြောရင် ကိုယ့် ဝါသနာကို ကိုယ့်ဘာသာကိုယ် ရှာဖွေရတယ်။ computer တက္ကသိုလ်တက်နေပေမယ့် အစက ဘာမှန်း မသိပေမယ့် နောက်တော့ ဝါသနာပါလာတာတွေ ရှိပါတယ်။ အချို့တွေကလည်း တက္ကသိုလ်တက်ရင်း ကိုယ် ဝါသနာပါတဲ့ English စာကို သေသေချာချာလုပ်ပြီး ကျောင်းပြီးတာနဲ့ English language နဲ့ ဆိုင်တဲ့ လိုင်းတွေ ပြောင်းလို့ရတယ်။ တချို့တွေကလည်း ကိုယ့်ဝါသနာဟာ ဓာတ်ပုံ ဆိုတာကို ရှာဖွေတွေ့နိုင်တယ်။

တက္ကသိုလ်မှာ စာကျက်ရင်း အချိန် မကုန်စေချင်ဘူး။ တက္ကသိုလ်ဆိုတာ ကျောင်းသားတွေ အတွက် ကိုယ့်ဝါသနာကို ရှာဖွေဖို့ ပေးထားတဲ့ အချိန်။ ကျွန်တော့် အတွက်တော့ ကျောင်းစာက အောင်ရင် တော်လောက်ပြီ။ ကိုယ့်ဝါသနာ ကိုယ်လုပ်ချင်တာ ဘာ။ ဒီ အချိန်မှာ ရှာရတယ်။ programming ဝါသနာ ပါရင်လည်း ကြားဖူးသမျှ တွေ့ဖူးသမျှ programming ကို လေ့လာဖို့ အချိန်ရတယ်။ ကျွန်တော် ကျောင်းတုန်းက .NET , Java , C++ , VB , Rail , PHP စတာတွေကို လေ့လာခဲ့ဖူးတယ်။ PHP ကိုသာ သဘောအကျဆုံးဖြစ်ပြီး PHP လိုင်းကြောင်း တစ်ခုတည်းကို တတိယနှစ်ကတည်းက လိုက်တော့တာပဲ။ အခုတော့ Node.js ကို PHP ထက် ပိုသဘောကျသွားပြီ။ ဒီလိုပဲ။ ကိုယ်က ပုံဆွဲတာ ဝါသနာ ပါလား။ ဘယ်ဟာနဲ့ အသက်မွေးဝမ်းကြောင်းပြုချင်တာလဲ ဆိုတာကို ရှာဖွေရတယ်။ လေ့လာရတယ်။ အချို့အရာတွေက အပေါ်ယံ ဝါသနာပါတယ် ထင်ရပေမယ့် လက်တွေ့ လုပ်ကြည့်မှ ဝါသနာ ပါမပါ သိရတာ။ ဥပမာ ။။ ကျွန်တော့်တုန်းက ASP.NET ပေ့ါ။ ဝါသနာပါတယ်ထင်ပြီး သင်တန်းတွေ တက်ကြည့်တယ်။ ကိုယ်တိုင်လေ့လာကြည့်တယ်။ ဝါသနာ မပါတာ အဲဒီတော့မှ သိခဲ့ရတယ်။ Linux ကိုလည်း ပထမနှစ်ပြီးတော့ ဒုတိယ နှစ် မတက်ခင်မှာ လေ့လာခဲ့တယ်။ တော်တော်လေး သဘောကျသွားတယ်။ ဝါသနာလည်း ပါသွားတယ်။ အဲတုန်းက သိခဲ့တဲ့ shell script တွေ linux command တွေက အခု mac သုံးတဲ့ အထိ အထောက်အကူပြုတုန်း။ Ubuntu Server သုံးတဲ့ အထိ အသုံးဝင်နေတုန်းပဲ။ ဝါသနာဆိုပေမယ့် ကိုယ့် ဝါသနာက Professional ဖြစ်ရမယ်။ တနည်းပြောရင် ဒါနဲ့ ကိုယ့်ဘဝ ကိုယ်ရပ်တည်နိုင်ရမယ်။ ဥပမာ။။ ငါ့ ဝါသနာကတော့ အိပ်တာနဲ့ စားတာ ဆိုပြီး ကျောင်းတုန်းက နောက်ခဲ့သလိုပေါ့။ ကျောင်းတုန်းက opensource တွေ သဘောကျလို့ PHP , WordPress , Linux တို့လေ့လာခဲ့တယ်။ ဒါနဲ့ ငါ ရပ်တည်နိုင်ပါ့မလား။ မြန်မာနိုင်ငံမှာက .NET , Java တွေပဲ ခေတ်စားနေတာ။ ဖြစ်မှ ဖြစ်ပါ့မလား စဉ်းစားခဲ့ဖူးပါတယ်။ သို့ပေမယ့် ဝါသနာပါတယ်။ သဘောကျတယ်ဆိုပြီး လေ့လာခဲ့တယ်။ ဒါတွေဟာ စင်္ကာပူမှာ အလုပ်ရှာတဲ့ အခါမှာ အများကြီး အထောက်အကူပြုလာတယ်။ ကျွန်တော် ငယ်ငယ်တုန်းက အဲလို အထောက်အကူပြုလိမ့်မယ်လို့ မစဉ်းစားမိဘူး။ ဒါကြောင့် ကိုယ့် ဝါသနာပေါ်မှာ ယုံကြည်ချက် အပြည့်ထားစေချင်တယ်။

ကိုယ့်ဝါသနာကို ကိုယ့်ဘာသာကိုယ် ရှာဖွေပါ။ ကျောင်းတက်နေရင်းနဲ့ ကျောင်းစာနဲ့ အချိန် မကုန်သွားစေချင်ဘူး။ ဝါသနာပါတာနဲ့ အလုပ်လုပ်ပါ။ ဝါသနာပါတာနဲ့ အလုပ်လုပ်တာတောင် stress တွေ များပြီး စိတ်ညစ်ရတာတွေ ကြုံရပါတယ်။ ဝါသနာမပါပဲ အလုပ်လုပ်တဲ့ အခါမှာ ခံစားရတာတွေ ပိုပြီး စိတ်ပင်ပန်းရပါလိမ့်မယ်။ တချို့အရာတွေက ကျွန်တော်တို့တွေ ကြိုမသိနိုင်ဘူး။ ပြောင်းလဲနေတယ်။ ဥပမာ။ PHP ဝါသနာပါတယ်။ သဘောကျတယ်။ သို့ပေမယ့် iOS development ကို သဘောကျပြီး အဲဒါနဲ့ အလုပ်ပြောင်းလုပ်တယ်။ အမြဲတန်းတော့ ကိုယ့်ဘာသာကိုယ် ဘာလုပ်ချင်လဲဆိုတာကို ကိုယ့်ဘာသာကိုယ် အချိန်ပေးပြီး နားထောင်ပေးဖို့ လိုတယ်။

ကိုယ့်ဝါသနာ ကိုယ်ဖြစ်ချင်တာတွေက တစ်ခါတစ်လေမှာ ဖြစ်ဖို့ ခက်ခဲတယ်။ သည်းခံပြီး နေရတာတွေ ရှိတယ်။ သို့သော် မစွန့်လွှတ်လိုက်ပါနဲ့ ။ ရင်ထဲမှာ ကိုယ်ဖြစ်ချင်တာတွေ အခွင့်အလမ်း အခွင့်အရေးကို စောင့်ပြီး ကိုယ်ဝါသနာ ပါတာကို လေ့လာထားပါ။ အခွင့်အလမ်း ပေါ်လာခဲ့ရင် ပြင်ဆင်စရာ မလိုတော့ အောင် သည်းခံစောင့်စားရင်း ကြိုတင်ပြင်ဆင်ထားလို့ ရပါတယ်။ အခွင့်အလမ်းဆိုတာ တချိန်တော့ ရောက်လာမယ်လို့ ကျွန်တော် တော့် ယုံကြည်တယ်။ အခွင့်အလမ်းပေါ်လာချိန်မှာ ကျွန်တော်တို့ တွေ အဆင်သင့်ဖြစ်နေဖို့ပဲ လိုတယ်။

UCSx တက္ကသိုလ် တက်နေတဲ့ ကျွန်တော့် junior တွေ ၊ အခု စာဖတ်နေတဲ့ သူတွေလည်း ကိုယ့် ဝါသနာ ကိုယ် ရှာဖွေတွေ့ရှိပါစေ။ ကိုယ်ဖြစ်ချင်တဲ့ ဘဝ ကိုယ်ရောက်ချင်တဲ့ ဘဝကို ရှာဖွေတွေ့ရှိနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။


  1. ကိုစေတန်ရဲ့ ဝါသနာနဲ့ပတ်သက်ပြီး သတိပေးထားတာလေးကျေးဇူးတင်ပါတယ်။ ဘလော့လုပ်နည်းebookလေးဖတ်ပြီး ဘလော့တစ်ခုလုပ်ဖြစ်ခဲ့တယ်။ ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုရေ။

  2. ကိုယ်စေတန်ရေ
    အကိုဒီပိုစ်လေးကိုဖတ်ရတော့ တော်တော်သဘောကျတယ်ဗျာလ်။ ကျွန်တော်ဟာ ဟိုဝေးလုံခေါင်ပါးတဲ့ တောရွာလေးတစ်ရွာကျ ရန်ကုန်ကိုတက်လာတဲ့ နည်းပညာအကြောင်းလေ့လာရင်းနဲ့ web development field ထဲကိုဝင်ခဲ့တာပါအကို ရန်ကုန်ကိုရောက်ရောက်ချင်းမှာပဲ php တက်လိုက်တော့ တိုင်တွေပတ်ရွာတွေလည် ဟာ ရွာပြန်ချင်စိတ်တောင်ပေါက်သွားတယ်၊ ဒါပေမယ့် စာတွေဆက်တိုင်ဖတ်ရင်းဖတ်ရင်း လေ့လာရတာ အချိတ်အဆက်မိလာတယ်၊ နောက်ပိုင်းတော့ ကျွန်တော်ဟာ ဘာပဲလေ့လာလေ့လာ နည်းနည်းပါးပါးတော့ တီးခေါက်မိလာတယ်အကို၊ ဒါပေမယ့် အကိုရေ လူတွေတော်တော်များက ပြောကြတယ် programming အခြေခံက C++ ပဲတဲ့ ကျွန်တော်အဲဒါကြီးကို မခဲ့ဘူးတာအမှန်ပါအကို။ အခုကျွန်တော်လုပ်နေတဲ့ php လိုင်းထဲမှတော့ အားလုံးက အဆင်ပြေပါတယ်။ ဒါပေမယ့် programming အခြေခံဖြစ်တဲ့ C++ ကို လေ့လာဖို့လို့ပါအုံးမလားအကို၊ တစ်ခေါက်လောက် ပြောပေးပါအုံး၊ အကိုပို့တွေကိုဖတ်ပြီးအားကျခဲ့ရတဲ့သူပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Up Next:

Google Nexus 7 - Review

Google Nexus 7 - Review