(Personal post တစ်ခု ဖြစ်ပြီး အမြဲမှတ်မိအောင် blog မှာ ရေးမှတ်ထားခြင်းဖြစ်သည်)
ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ မနေ့ မနက် ၆ နာရီ မှာ သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်လာလို့ ဟုတ်မှဟုတ်ရဲ့လား ဆိုပြီး facebook ပေါ်တက် သတင်းတွေ ဖတ် ဖြစ်တယ်။ သေချာသွားပြီ ဆိုတာနဲ့ အရင်ဆုံး တွေးမိတာက လခ တွေ အမြန်လွှဲဖို့ပဲ။ နောက်ပြီး ချက်ချင်း ဒီနေ့ ရုံးမလာဖို့ Team မှာ အကြောင်းကြားထားလိုက်တယ်။
ဖုန်းတွေလည်း ပျက် အင်တာနက်လည်းပျက်တောက်သွားတော့ သဘောပေါက်လိုက်တာက ငါတို့ လုပ်ငန်းတွေ အင်တာနက် မရှိရင် code တောင်ရေးမရဘူး ဆိုတာ နားလည်သွားတယ်။ နေ့လည်ဘက်လောက်မှာ အင်တာနက် ပြန်ရတော့ ထပ်မပျက်ခင်မှာ code တွေကို အကုန် backup တင်ထားဖို့ မှာနေတာရယ် code တွေ တင်ပြီး လခ တွေကိုလည်း ပြီးအောင် လွှဲဖြစ်တယ်။ သို့ပေမယ့် ဘဏ်တွေက ပိတ်တော့ တော်တော် ခက်ခဲသွားတယ်။ KBZ Pay, CB, Aya ရှိသမျှ ထဲက အဆင်ပြေသလို ခွဲပြီး လွှဲလိုက်ရတယ်။ ချက်ခြင်း clients တွေ ဆီကလည်း ပိုက်ဆံ လိုက်တောင်းရတယ်။ ကူညီပေးသည့် clients တစ်ယောက်ဆီ တိုင်းကိုလည်း ကျေးဇူး အရမ်းတင်ပါတယ်။ ချက်ချင်း နှစ်ခါ ပြောစရာ မလိုပဲ လူတိုင်း ငွေကိုင်ထားချိန်မှာ ချက်ချင်း လွှဲပေးတာ ကျေးဇူးတင်မိတယ်။
ပုံမှန်လို မဟုတ်ပဲ ဟိုဘဏ်က နည်းနည်း ဒီဘဏ်က နည်းနည်း နဲ့ ထုတ်ရခက်သွားလို့လည်း ဝန်ထမ်းတွေကို အားနာပြီး တောင်းပန်အပ်ပါတယ်။
အရင်လို ဘဝ ပြန်ရောက်မှာ အတော်ကို ကြောက်သွားသည့် နေ့တစ်နေ့ပဲ။ NLD ကို အပြည့်အဝ မထောက်ခံပေမယ့် အာဏာသိမ်းတာကိုတော့ လုံးဝ ကန့်ကွက်တယ်။ ဘုရားရှိခိုး မလုပ်ဖြစ် ဆုမတောင်းဖြစ်တာ ကြာပြီ ဖြစ်သည့် ကျွန်တော် သတင်းကြားကြားပြီးချင်း ဒေါ်အောင်ဆန်းစုကြည် ဘေးကင်းပြီး ကျန်းမာပါစေလို့ ဘုရားရှိခိုးပြီး ဆုတောင်း ဖြစ်သည့် နေ့တစ်နေ့ပဲ။
အခုအချိန်ထိ စိတ်ညစ်နေဆဲ စိတ်ပင်ပန်းနေဆဲပဲ။ ကျွန်တော့် ကလေးတွေကို ကျွန်တော်တို့တုန်းကလို
- ဘာလုပ်လုပ် လာဘ်ထိုးရသည့် ခေတ်ကို ပြန်မသွားချင်ဘူး။
- အစိုးရ ရုံး မပြောနဲ့ ရပ်ကွက်ရုံးက အစ ပညာပြ ပိုက်ဆံကောက်သည့် ဘဝကို ပြန်မသွားချင်ဘူး။
- ဘာမှ ပြောမရဲ ဆိုမရဲ ဘဝကို ပြန်မရောက်ချင်ဘူး။
- အင်တာနက်မှာ ဘာလုပ်လုပ် အမြဲတန်း စောင့်ကြည့်ခံနေရတယ်လို့ ထင်နေရသည့် ဘဝကို ပြန်မရောက်ချင်ဘူး။
- မြန်မာနိုင်ငံကဆို website theme တောင် မရောင်းပေးဘူး ဆိုပြီး ငြင်းခံခဲ့ရလို့ ဒေါသထွက်ခဲ့ရဘူးတယ်။
- master/visa ဆိုတာ ဘာကြီးလဲ။ ဘယ်လို လုပ်ရမလဲ ဆိုပြီး နှစ်တိုင်း hosting payment အတွက် အတော်ကို တိုင်ပတ်ခဲ့ဘူးတယ်။
ကလေးတွေရဲ့ ပညာရေး ရဲ့ အနာဂတ် ဟာ ရုတ်တရက် ပျောက်သွား သလိုပဲ ။ ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားတယ်။
sanctions တွေပြန်လာခဲ့ရင် လက်ရှိ run ထားသည့် server တွေ အများကြီးကို ဘယ်နေရာကို ဘယ်လို ရွှေ့ရမလဲ။ အခုလို လိုချင်တာ ရှိရင် USA က ဖြစ်ဖြစ် China က ဖြစ်ဖြစ် Singapore ဖြစ်ဖြစ် ကြိုက်သည့် နေရာက ပစ္စည်းကို မှာလို့ကော ရပါ့မလား။ လက်ရှိ နိုင်ငံခြား investment နဲ့ run နေသည့် company တွေ clients တွေ ဘာတွေ ဖြစ်ကုန်မလဲ ဆိုတာ တွေးပြီး စိတ်ပူမိတယ်။
ပြန်ရောက်ခဲ့သည့် ၄ နှစ်ကျော်မှာ
- အစိုးရ ရုံးတွေမှာ တစ်ခါမှ လာဘ် မထိုးခဲ့ရဘူး။
- ရပ်ကွက်ရုံးက ဆက်ဆံရေးကောင်းလို့ အံဩခဲ့ရတယ်။
- လွတ်လွတ်လပ်လပ် ပြောချင်တာ ပြောရဲခဲ့တယ်။
- Google Play store ကတော့ Telenor phone bill နဲ့ ကြိုက်တာ ဝယ်လို့ရတယ်။
- JCB ကဒ် နဲ့ နေရာတိုင်းမဟုတ်ပေမယ့် အတော်လေးကို အဆင်ပြေတယ်။
- MPU လက်ခံတာ များလာလို့ လက်ထဲမှာတောင် cash မထားပဲ MPU နဲ့ ပဲပေးခဲ့တယ်။
၄ နှစ် မှာ အဆင်မပြေတာတွေ ရှိပေမယ့် အနာဂတ်တွေ ရှိခဲ့တယ်။ အခုတော့ အနာဂတ်တွေပါ ပျောက်ကုန်တယ်။
အစ်ကို ဘာဆက်လုပ်ဖို့ အစီအစဥ်ရှိလဲ ဆိုတော့ ဘာပြန်ပြောရမှန်း တောင် မသိအောင် တွေဝေခဲ့ရတယ်။ အခုအချိန်ထိလည်း အနာဂတ်တွေဟာ ဝေဝါးနေဆဲပဲ။ မိဘတစ်ယောက် အနေနဲ့ မြန်မာနိုင်ငံကို ယုံကြည်စွာပြန်လာမိခဲ့သည့် အတွက် ကိုယ့် ကလေးတွေကို အားနာမိတယ်။
အာဏာရှင် စနစ်ကို လုံးဝ မထောက်ခံပါ။ နိုင်ငံတကာမှာ ကျွန်လုပ်ရင်း မြန်မာဆိုရင် အနှိမ်ခံခဲ့ရသည့် ဘဝတွေ ခံခဲ့ရဘူးတာကြောင့် အာဏာရှင် စနစ်ကို လုံးဝ မုန်းတီးပါတယ်။
Leave a Reply