ဒီနှစ် iOS bootcamp လုပ်မှာဖြစ်လို့ ရန်ကုန်ကို ၁ ပတ်လောက် ပြန်ဖြစ်တယ်။ D Form မလိုတော့ဘူးဆိုတဲ့ အတွက်ကြောင့် ရန်ကုန် လေဆိပ် အဝင်မှာလည်း ဘယ်နေ့ပြန်မယ်ဆိုတာ ပြောစရာ မလိုသလို သူတို့လည်း မပေးပါဘူး။ တွေ့တွေ့ခြင်း မင်္ဂလာပါလို့ immigration က နှုတ်ဆက်ပါတယ်။ Arrival Card နဲ့ Passport ပေးလိုက်ပြီးတော့ ခဏနေတော့ ပြန်ပေးပါတယ်။ တော်တော်လေးကို အလုပ်လုပ်တာ မြန်လာတယ်လို့ ဆိုရမယ်။ ကျွန်တော် ပြန်တဲ့ လေယာဉ်မှာတော့ မြန်မာထက် နိုင်ငံခြားသား ပိုများတယ်။ စလုံးက တရုတ်တွေ တော်တော်များတာကို တွေ့ရတယ်။

လေယာဉ်ကွင်းကို နာရီဝက်နောက်ကျမှ လေယာဉ်ဆိုက်ဖြစ်တယ်။ ကျွန်တော်တို့ကို မကြာမှီ ဆင်းသက်ပါတော့မယ်ပြောပြီး တော်တော်နဲ့ မဆင်းဘူး။ လေယာဉ်ကွင်းမှာပဲ နေရာ မရှိလို့လား ဒါမှမဟုတ် စောပြီး ကြေငြာမိတာလားတော့ မသိဘူး။ Arrival Card ကို မြန်မာနိုင်ငံသားတိုင်းလည်း ဖြည့်နေရတာကတော့ သိပ် သဘောမကျလှဘူး။ လေယာဉ်ကွင်းမှာကတော့ လေယာဉ်တွေက တစ်စီးပြီးတစ်စီး ဆိုက်နေတဲ့အတွက်ကြောင့် လူတွေလည်း တော်တော်များများတယ်။ အကုန်လုံးလည်း တော်တော် အလုပ်ရှုပ်နေပုံပဲ။

လေယာဉ်ကွင်းကနေပြန်တော့ ပထမဆုံး တွေ့ရတာကတော့ လမ်းကျပ်တာပဲ။ ပုံမှန် အချိန်ထက် အိမ်ကို ၁ နာရီ နီးပါးလောက် နောက်ကျပြီးမှ အိမ်ရောက်တယ်။ ပုံမှန် လမ်း မကျပ်ရင် အဲလောက် မကြာပါဘူး။ သို့ပေမယ့် မီးပွိုင့် မိသွားရင်တော့ တော်တော်လေး ကြာတယ်။

ကားများနဲ့ ရန်ကုန်

ကားသစ်တွေ ပိုများလာတယ်။ အိမ်ကလည်း ကားလဲလိုက်သလို သူငယ်ချင်းတွေလည်း ကားတွေ လဲလိုက်ပြီ။ တော်တော်များများက ကား အသစ် တွေ များတယ်။ ကား ဈေးကလည်း သိန်း ၁၀၀ ဝန်းကျင်လောက် ဆိုရင် ကားတစ်စီး ဝယ်လို့ ရပြီ ပြောတယ်။ ကားများတာ ပြဿနာ မဟုတ်ပေမယ့် စည်းကမ်း မရှိတာက ပြဿနာပါ။ ကျွန်တော်တို့တွေ လှည်းတန်းမှာ လူတိုင်း တန်းစီ ရတာပဲ။ ဒါကို တန်းမစီပဲ ကြားကနေ ဖြတ်ဝင်ဖို့ ကြိုးစားတာ ဆိုးတယ်။ နောက်ပြီး bus ကားတွေလည်း စည်းကမ်း မရှိကြဘူး။ အထူးသဖြင့် ကြားဖြတ် ဖို့ ကြိုးစားတယ်။ နောက်ပြီး bus stop တွေမှာ မရပ်ပဲ  bus stop မရောက်ခင် လူချပေးတာ တွေ တွေ့ရတယ်။ တချို့နေရာတွေမှာ taxi က လူ တားတာတွေ့ရင် ကောက် ကနဲ့ ရပ်လိုက်တာ ရှိတယ်။ မီး အချက်မပြ ဘာမပြ နဲ့ ဆိုတော့ သတိထားပြီး မောင်းရတယ်။

ရန်ကုန်ကနေ စင်္ကာပူပြန်တော့ လေယာဉ်ကွင်းသွားဖို့ ကား ငှားစီးလာရင်း Taxi Driver ကြီးနဲ့ စကားပြောဖြစ်သေးတယ်။ သူပြောတာကတော့ အရင်က တမနက် မောင်းရင် ရတာ ကို အခုတလော နေ့ဝက်လောက် မောင်းရတယ်။ အဓိက က လမ်းပိတ်တော့ အချိန် ပိုကုန်တယ်လို့ ပြောတယ်။ လှည်းတန်း တံတား ပြီးသွားရင်တော့ တော်တော် အဆင်ပြေသွားမှာပါလို့ သူ့ဘာသာသူ ပြန်ဖြေတာပဲ။ နောက်ပြီး ရန်ကုန်မှာ လူကူမျဉ်းကြားက ကူးပါ ဆိုတဲ့ စည်းကမ်းလေး ပျောက်သွားပြီ။ လူကူမျဉ်းကြားက ကူးလည်း ကားမရပ်ပေးကြဘူး။ ဒါကြောင့် လမ်းကူးမယ်ဆိုရင် လွတ်တဲ့ နေရာက ကူးပဲ။ လူကူးမျဉ်းကြားက ကူလည်း ထူးမှ မထူးတာ ဆိုတဲ့ သဘောတွေ ဖြစ်ကုန်ကြပြီ။

လမ်းဘေးဈေးသည်တွေက ပိုပြီး ကြီးပွားသွားသလိုပဲ။ လမ်းဘေးဈေးသည်တွေ ပိုများလာတယ်။ အရင်က လမ်းထိပ်မှာ ဈေးရောင်းတဲ့ ဈေးသည်ဆိုရင် ဆိုင်ပိုကြီးလာတယ်။ ဒါကြောင့် လမ်းထဲဝင်ရင် လမ်းလည်း အရင် ကထပ် ပိုကျပ်သွားတယ်။ လမ်းထဲဝင်ရင် သတိထားပြီးတော့ လူရှောင်နေရတယ်။ ထိုင်ပြီး စားတဲ့ လူ အချို့  ၊ မတ်တပ်ရပ်ပြီး နေတဲ့ လူ အချို့ က ကားလာရင် ကားက ရှောင်ပေးသွားမှာပဲ ဆိုပြီး ဘာမှ မလုပ်ပဲ ဒီ အတိုင်းထိုင်နေကြတာ ရပ်နေကြတာတွေကြောင့် ကားမောင်း ရင် ပိုသတိထားရတယ်။ အချို့ လမ်းထိပ်တွေမှာ DVD ခွေ တွေ ရောင်းနေတာ တွေ့တယ်။ အချို့ ကားသမားတွေ နောက်ကားမပါဘူးဆိုရင် ကားပေါ်ကနေပဲ ဝယ်နေတာ တွေ့တယ်။ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပဲ။

Phone နဲ့ ရန်ကုန်

Phone ကတော့ တော်တော်များများလက်ထဲမှာ ရှိလာတယ်။ ခက်တာက ပြောနေရင်း ကျကျသွားတာပဲ။ အဲလိုပဲ ဖုန်းနဲ့ အင်တာနဲ့ သုံးရင် ၊ သုံးနေရင်း လိုင်းက ပြတ်သွားတယ်။ အဲဒါဆို Data ကို ပြန်ပိတ်။ ပြီးရင် ပြန်ဖွင့်။ အဲဒါဆို ပြန်ရသွားပြန်ကော။ Phone ကတော့ အရင်ကလို လူကြီးမင်းနဲ့ မတွေ့တော့ဘူး။ သို့ပေမယ့် ပြောနေရင်း ကျသွားတဲ့ ပြဿနာ အသစ်တော့ ဖြစ်လာတယ်။ ဧပြီလ ဆိုရင် ဖုန်းတွေ ဒီထက် ဈေးကျတော့မယ်။ လူတိုင်း လက်ထဲမှာ မကြာခင် ဖုန်းတွေ မြင်ရတော့မယ် ထင်တယ်။ Taxi သမား ဦးလေးကြီးကတော့ ဈေးကျမယ့် ဖုန်းကို မျှော်နေတယ်။ သူ ဖုန်း တစ်လုံးလောက် လိုချင်တယ်တဲ့။ မနက်ပိုင်း ၊ ဒါမှမဟုတ် ညပိုင်း car booking လုပ်လို့ရအောင် သူ့ ဖုန်းနံပတ်တွေကို ပေးထားချင်လို့တဲ့ ။

စာအုပ်ဆိုင် နဲ့ ရန်ကုန်

ဒီတစ်ခေါက် ပြန်တော့ ဝယ်ချင်တဲ့ စာအုပ် ၂ အုပ် ရှာပြီး ဝယ်ခဲ့တယ်။ ခြေရာပျောက် မြစ် နဲ့ ငန်းရိုင်းများ ဆိုတဲ့ စာအုပ် ၂ အုပ်ပါ။ ဒီတစ်ခေါက်ထူးခြားတာကတော့ စာအုပ်ဆိုင်မှာ လူမရှိတာပဲ။ ငန်းရိုင်းများ စာအုပ်ကို စာအုပ်ဆိုင် ၃ အုပ် မှာ ရှာလိုက်ရတယ်။ ကျွန်တော် သွားတဲ့ အချိန်မှာ စာအုပ်ဆိုင် ၃ ဆိုင်လုံးမှာ ဝယ်သူ ကျွန်တော် တစ်ယောက်ပဲ ရှိတယ်။ လူတွေ စာ သိပ်မဖတ်တော့တာလား ? စာအုပ်တွေက ဈေးကြီးနေလို့လား ? အခုအချိန်မှာတော့ မြန်မာ စာအုပ် Online store မရှိသေးဘူး။  မရှိသေးရင် https://gumroad.com/ မှာ ဒါမှမဟုတ် https://leanpub.com တို့မှာ ရောင်းစေချင်တယ်။ စာအုပ်ကောင်းတွေ ရှားသွားသလို စာအုပ်ဝယ်ဖတ်တဲ့သူတွေကလည်း မရှိသလောက်ပဲ။ ebook တွေကလည်း အများကြီး ထွက်တော့ ဝယ်ဖတ်စရာမလိုပဲ online ကနေ download ချပြီး ဖတ်နေလို့ရတယ်။ ဒါပေမယ့် ရေရှည် စာပေလောက အတွက်တော့ မကောင်းဘူး။ စာရေးစရာတွေ ရေးအားကျသွားမယ်။ online ပေါ်မှာ မြန်မာစာအုပ်တွေ တင်ရောင်းနိုင်ဖို့ တကယ်မျှော်လင့်မိတယ်။

iOS Bootcamp

Bootcamp ပွဲအတွက် သီးသန့်သွားတာဖြစ်လို့ Bootcamp ပွဲအတွက် ပွဲမတိုင်ခင်မှာ တစ်ရက်လောက် Revo Tech ကို သွားရှာလိုက်ရတယ်။ ပြီးတော့ ဘာတွေသင်မလဲ အခန်း ကိစ္စ ဘယ်လိုထားမလဲ ဆိုတာကို တိုင်ပင်ဖြစ်သလို လက်ရှိ မြန်မာနိုင်ငံ ဈေးကွက် နဲ့ ပတ်သက်ပြီးတော့ စကားလေးတွေ ပြောဖြစ်တယ်။ လုပ်ငန်းရှင်တွေက ထိုက်တန်တဲ့ တန်ဖိုးကို ပေးရကောင်းမှန်း သိလာကြပြီလို့ ဆိုကြတယ်။

Bootcamp ပွဲအတွက် Bagan Innovation Technology က ၄၂ လက်မ TV ကို အပေါ်ထပ် ၆ ထပ် အထိ တင်ပေးသွားတယ်။ Revo Tech ကလည်း ကော်ဖီ ၊ ရေသန့် ၊ Cocoa Cola စတာတွေကို ထားထားပေးတယ်။ စိတ်ကြိုက် ယူသောက်လို့ရတယ်။ ပထမနေ့ နေ့လည်စာကိုတော့ Bagan က Sponsor လုပ်ပြီးတော့ ဒုတိနေ့ကိုတော့ ကျွန်တော် ကျွေးဖြစ်တယ်။ Revo Tech က Air Con ကို ၂ ရက်လုံး တောက်လျှောက် ဖွင့်ထားပေးသလို နေရာကော နောက်ပြီး သူတို့တွေ ထပ်လေ့လာလို့ရအောင် ဝယ်ထားတဲ့ iOS Development Learning တွေကိုပါ ကူးပေးလိုက်ပါတယ်။

ပထမနေ့မှာတော့ Basic level လောက်ပဲ သင်ဖြစ်ပြီးတော့ Objective-C နဲ့ မရင်းနှီးသေးတော့ သေသေချာချာ ရှင်းပြရတယ်။ ကိုဇေယျာ နဲ့ အစ်မ သဇင်တို့က အဓိက ပင်ပန်းကြတဲ့ သူတွေပါပဲ။ သူတို့ကမှ တကယ့်ကို စာသင်တတ်တာ။ အခုမှ စကာစ သူတွေကို ဘယ်လို သင်ပေးရမလဲ တတ်တယ်။ ကျွန်တော် ဆို အဲလောက် မသင်ပေးတတ်တာ အမှန်ပဲ။ သူတို့ ၂ ယောက်ကြောင့် ပထမ နေ့မှာ အခြေခံ ကောင်းလေးတွေ ရသွားတော့ ဒုတိယနေ့မှာ တော်တော် အဆင်ပြေသွားတယ်။

ဒုတိယနေ့မှာ ပထမ ပိုင်း Calculator App ကို အတူတူရေးကြတယ်။ အတူတူ စဉ်းစားရင်း နဲ့ ရေးဖြစ်ကြတယ်။ Calculator App ကို လုပ်ရတာ ပထမဆုံး အဆင့်က Programming Logic ကို စဉ်းစားတတ်အောင် ၊ နောက်ပြီး MVC အခြေခံ အဆင့်လေး နားလည် သွားအောင် ၊ နောက်ပြီး Objective-C ကို ပိုပြီး ရင်းနှီးသွားအောင်ဆိုပြီး သင်ပေးဖြစ်တာပါ။ ၉ နာရီ ခွဲလောက်က စပြီး ၁၂ နာရီ မထိုးခင်ပြီးမယ်လို့ ထင်ထားပေမယ့် ၁ နာရီ ခွဲမှ ပြီးတယ်။ အဲဒီတော့ မှပဲ ထမင်းစားဖြစ်တယ်။ Revo Tech က ကိုမျိုးကျော် က ထမင်းကြော် နဲ့ ခေါက်ဆွဲကြော် ဝယ်တာ ၊ နောက်ပြီး တစ်ခါသုံး ပန်းကန် တွေ ခွက်တွေ ကိုယ်တိုင် ဆင်းဝယ်ပြီးတော့ အကုန်လုံးအတွက် ပြင်ဆင်ပေးထားတာကြောင့် ကျွန်တော်တို့ကတော့ စာသင်ပြီးတာ နဲ့ အရန်သင့် စားလိုက်ဖို့လေးပဲ လိုတယ်။

ထမင်းစားပြီးတော့ Restful အကြောင်း ရှင်းပြတယ်။ oAuth2 ကို ဘယ်လို Access လုပ်ရမလဲ ဆိုတာကို ရှင်းပြတယ်။ AFNetworking ကို သုံးပြီး Restful သုံးထားတဲ့ Twitter လိုမျိုး App လေး ကျွန်တော်တို့တွေ ရေးကြတယ်။ Server ကတော့ ကျွန်တော့် computer ကို access လုပ်ထားရတာပေါ့။ GET နဲ့ DELETE ကိုပဲ သင်ပေးလိုက်ရတယ်။ POST ကို သင်ပေးဖို့ အချိန် မရှိတာကြောင့် ဒီ အတိုင်းရှင်းပြလိုက်ရတယ်။

အကုန်လုံးကတော့ ကျွန်တော် မောင်း သမျှကို လုပ်ပြီး လိုက်ကြတယ်။ လုပ်လည်း လုပ်နိုင်တယ်။ အပင်ပန်းခံပြီးတော့ကို သင်ကြရှာတယ်။ ကျွန်တော် သင်ချင်တဲ့ နှုန်းလောက် မသင်နိုင်ပေမယ့် ထင်တာ ထက်တော့ လိုက်လုပ်နိုင်ကြတယ်။ ပထမနေ့တုန်းကတော့ Objective-C ကို သိပ် မသိတာရယ် Basic အဆင့်ဖြစ်နေတာရယ်ကြောင့် Error တွေ တက်ပြီး ရှုပ်နေကြပေမယ့် ဒုတိယနေ့မှာတော့ Error တက်တဲ့ အပိုင်းတွေ တော်တော်နည်းသွားတယ်။ Calculator App ရေးတုန်းက ဆိုရင် နောက်ကနေ တောက်လျှောက် ကျွန်တော်နဲ့ အတူတူ စဉ်းစားကြတယ်။ တကယ်လည်း တတ်ချင် လုပ်ချင်ကြတာကို ကျွန်တော်တို့တွေ တွေ့ခဲ့ရတယ်။

လူငယ် နဲ့ ရန်ကုန်

ကျွန်တော် iOS Bootcamp လောက်မှာပဲ လူငယ်တွေ နဲ့ ဆုံခဲ့ရပြီး သူတို့ တွေ အကြောင်း သိခဲ့ရတာ။ တော်တော်များများကတော့ အနောက်ကနေ push လုပ်ပြီး train လုပ်ပေးမယ့် သူရှိရင် လုပ်နိုင်တာကို တွေ့ရတယ်။ ကိုယ့်ဘာသာကိုယ် လေ့လာမှု အား မကောင်းသေးပေမယ့် နည်းနည်းလေး push လုပ်ပြီး တင်လိုက်တာနဲ့ သူ့အရှိန် နဲ့ သူ သွားနိုင်ကြတယ်။ ရန်ကုန်မှာ iOS Developer နဲ့ Android Developer က Web Developer လောက် လူမများသေးဘူး။ ရန်ကုန်က company တွေကလည်း အခုမှ စကာစပဲ ရှိသေးတယ်။

မိတ်ဆွေ အချို့နဲ့ စကားပြောကြည့်တော့ iOS တို့ Android တို့ မှာ တကယ်လုပ်နိုင်တဲ့သူတွေကလည်း လုပ်ငန်းခွင်ထဲ မဝင်ပဲ ကိုယ့်ဘာသာကိုယ် လုပ်နေကြတာတွေ ရှိတယ်လို့ ဆိုတယ်။ သူတို့သာ လုပ်ငန်းခွင် ထဲဝင်ပြီး တခြားသူတွေနဲ့ ပါ တွဲလုပ်နိုင်ရင် အခြားသူတွေရဲ့ skill တက်လာနိုင်သလို သူတို့ရဲ့ skill တွေလည်း တက်လာနိုင်တယ်။ နောက်ပြီး လုပ်ငန်းရှင်တွေကလည်း ထိုက်တန်တဲ့ လစာတွေ ပေးဖို့ လိုအပ်တယ်ဆိုတာကို သိလာတယ်။

စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်း အချို့လည်း ရန်ကုန် ပြန်ပြီး စလုပ်နေကြပြီ။ သူတို့ပြောစကားအရဆိုရင် market က တဖြည်းဖြည်းနဲ့ grow တော့ ဖြစ်လာပါပြီလို့ ဆိုကြတယ်။ တကယ်လုပ်နိုင်တဲ့သူတွေက bond ထိုးပြီး အလုပ် မလုပ်ချင်ကြတဲ့အတွက် ဘယ်နှစ်အထိ လုပ်ရမယ် ဆိုတဲ့ bond တွေ မပါပဲ အလုပ်လုပ်တာ ပိုကောင်းတယ်လို့ ဆိုတယ်။ ဒါမှ တကယ်လုပ်နိုင်တဲ့ လူတွေကို ရှာလို့ရလိမ့်မယ်လို့ ဆိုတယ်။

ရန်ကုန် ကတော့ ၁ နှစ်ထက် ၁ နှစ်ပြောင်းလဲနေတာကို တွေ့ရတယ်။ နေ့တိုင်း နေနေတဲ့ သူတွေ အတွက်ကတော့ မထူးခြားပေမယ့် ကျွန်တော်လို့ ၁ နှစ် ၁ ခေါက်မှ ရောက်ဖြစ်တဲ့ လူ အတွက်ကတော့ တိုးတက်လာတာကို တွေ့ရပါတယ်။ အထူးသဖြင့် အစိုးရ ဝန်ထမ်းတွေ အရင်ကထက် ပို အလုပ်လုပ်လာတာကို တွေ့ရတယ်။ ဒီ ပုံစံ အတိုင်း ဆက်ပြီး တိုးတက်သွားရင် ကျွန်တော်တို့တွေ နိုင်ငံ အခြားနိုင်ငံတွေကို မကြာခင်မှာ မှီနိုင်တယ်လို့ ယုံကြည်ချက်တော့ ရလာတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading